ပန်းတနော်မြို့နယ်တွင် ဝက်မွေးမြူခြင်းလုပ်ငန်း ပတ်ဝန်းကျင်ဆန်းစစ်ခြင်း အစီအရင်ခံစာအတွက် အများပြည်သူများနှင့် တွေ့ဆုံဆွေးနွေး

ပန်းတနော်၊ ဇူလိုင် ၁၈

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ်တွင် ထူထက်ဟန် ကုမ္ပဏီလီမိတက်၏ ဝက်မွေးမြူခြင်းလုပ်ငန်း ကနဦးပတ်ဝန်းကျင်ဆန်းစစ်ခြင်းအစီအရင်ခံစာအတွက် အများပြည်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန အဆောက်အအုံ Meeting Room ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ထူထက်ဟန်ကုမ္ပဏီလီမိတက်၏ ဝက်မွေးမြူခြင်းလုပ်ငန်းမှ တာဝန်ရှိသူများက မိမိတို့ကုမ္ပဏီ အနေဖြင့် လယ်ယာ၊ သား၊ ငါးကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ပြီး အသားတိုးဝက်မွေးမြူရေးလုပ်ငန်းများကို လည်းကောင်း၊ အသားကုန်ချောထုတ်လုပ်မှုများကိုလည်း ပြည်တွင်းသာမက ပြည်ပအထိထုတ်လုပ်ရောင်းချနိုင်ရေး ကိုလည်းကောင်း၊ ငါးမွေးမြူရေးလုပ်ငန်းများကိုလည်း အဆင့်မြင့်မွေးမြူရေးစနစ်ဖြင့်မွေးမြူပြီး ထုတ်လုပ်ရောင်းချ နိုင်ရန်နှင့် ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန် အကောင်အထည်ဖော်လုပ်ကိုင် ဆောင်ရွက်လျက် ရှိကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် တက်ရောက်လာကြသော ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံပြည်သူများက မွေးမြူရေးလုပ်ငန်းများနှင့်ပတ်သက်၍ ပတ်ဝန်းကျင်ထိခိုက်နစ်နာမှုမရှိစေရေးနှင့် ပြည်သူအကျိုးပြုနိုင်ရေးလုပ်ငန်းများအား ဆွေးနွေးပြောကြားခဲ့သည်။

ပြည့်ဖြိုးကျော် (ပြန်/ ဆက်)