ပဲခူး ဇူလိုင် ၁၈
ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီးတွင် ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်း မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း မင်္ဂလာအခမ်းအနားအား နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပေးခဲ့ပြီး ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ဇနီးဒေါ်စိုးစိုးသက်အမှူးပြုသော တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ အမှတ်(၇၇)ခြေမြန်တပ်မဌာနချုပ်၊ တပ်မမှူးနှင့်ဇနီး၊ တိုင်းဒေသကြီး/ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများက ပဲခူးမြို့၊ မြို့မစာသင်တိုက်ပဓာနနာယက၊ နိုင်ငံတော်ဩဝါဒါစရိယ ဆရာတော်အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တဂန္ဓမာမဟာထေရ်မြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြကာ ဆရာတော်၊ သံဃာတော်အရှင်မြတ်များက မေတ္တာသုတ် ပရိတ်တရားတော်မြတ်ကို ရွတ်ပွားသရဇ္ဈာယ် ချီးမြှင့်တော်မူကြသည်။
ထို့နောက် ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များနှင့် သီလရှင်ဆရာကြီးများအား တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့်ဇနီး ဒေါ်စိုးစိုးသက်၊ တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်၊ အစိုးရအဖွဲ့ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ အမှတ်(၇၇)ခြေမြန်တပ်မဌာနချုပ်၊ တပ်မမှူးနှင့်ဇနီး၊ တိုင်ဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိ/မြို့ဖများက ဝါဆိုသင်္ကန်းများ၊ စာသင်တိုက် အသီးသီးရှိ သီလရှင်ဆရာကြီးများအတွက် သီလရှင်ဝတ်စုံ(၂၂၅၈)စုံနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ယင်းနောက် ပဲခူးမြို့၊ ကြခတ်ဝိုင်းပရိယတ္တိစာသင်တိုက် ပဓာနနာယက၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဉေယျဓမ္မာဘိဝံသ ဆရာတော်အရှင်သူမြတ်ထံမှ ဝန်ကြီးချုပ်အမှူးပြုသော ဧည့်ပရိသတ်အပေါင်းက အနုမောဒနာတရားနာယူပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှအတမ်းပေးဝေကာ ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းဇနီး ဒေါ်စိုးစိုးသက်နှင့် တာဝန်ရှိသူများက ကြွရောက်လာကြသော ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များနှင့် သီလရှင်ဆရာကြီးများအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။
အခမ်းအနားသို့ နိုင်ငံတော်ဩဝါဒါစရိယဆရာတော်ကြီးများ၊ နိုင်ငံတော်ဗဟိုဝန်ဆောင် ဆရာတော်ကြီးများ၊ တိုင်းဒေသကြီးသံဃနာယကဆရာတော်ကြီးများ၊ တိုင်းဒေသကြီးနှင့် မြို့နယ်သီလရှင် အမှုဆောင်အဖွဲ့ဆရာကြီးများ၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်း ဇနီး ဒေါ်စိုးစိုးသက်၊ တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ အမှတ်(၇၇)ခြေမြန်တပ်မဌာနချုပ်၊ တပ်မမှူးနှင့်ဇနီး၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိ/ မြို့ဖများ၊ ဘာသာရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင် (ပြန်/ဆက်)