လိပ်သို ဇူလိုင် ၁၈
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ကလေးသူငယ်များနှင့် ဒေသနေပြည်သူများအား မိုးရာသီကာလတွင် ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေး ရောဂါနှင့်ပတ်သက်၍ အသိပညာပေးအကြောင်းအရာများကိုကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်ရည်ရွယ်၍ သွေးလွန်တုပ်ကွေး ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့ မွန်းလွဲ ၁ နာရီခွဲအချိန်ကမြို့ဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က သွေးလွန်တုပ်ကွေးရောဂါနှင့် သိမှတ်လိုက်နာရန်အချက်များအကြောင်း၊ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားရခြင်း အကြောင်းအရင်းများဖြစ်သည့် သွေးလွန်တုပ်ကွေး ဗိုင်းရပ်စ်ကို သယ်ဆောင်ထားတဲ့ (Aedes) လို့ခေါ်တဲ့ ခြင်ကိုက်ခြင်း ကြောင့်ဖြစ်ကြောင်း၊ အသက်သုံးနှစ်မှ ဆယ့်ငါးနှစ်အတွင်း ကလေးများတွင် အဖြစ်များကြောင်း၊ သွေးလွန်တုပ်ကွေးရောဂါသည် အသက်အရွယ်မရွေးဖြစ်ပွားနိုင်ကြောင်း၊ အထူးသတိထားရန်မှာ သွေးလွန် တုပ်ကွေးဖြစ်သည့် ကလေးငါးရာခိုင်နှုန်းခန့်သည် ဆိုးရွားပြင်းထန်သွေးလွန်တုပ်ကွေးအဆင့်သို့ ရောက်ချိန်တွင် သွေးယိုစီးခြင်း၊ သွေးလန့်ခြင်းများဖြစ်ပွားကာ အသက်အန္တရာယ်ရှိနိုင်ကြောင်းတို့ကို လည်းကောင်း အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုံးရှေ့နံရံကပ်ပြဘုတ်တွင် ပြသထားသော သွေးလွန်တုပ်ကွေးရောဂါသည် နေ့အချိန်တွင် ကိုက်လေ့ရှိသော ခြင်ကျားကိုက်ခံရခြင်းကြောင့် ကူးစက်တတ်ကြောင်း စသည့်အကြောင်းအရာများပါ နံရံကပ်စာစောင် ပြသဆောင်ရွက် ထားရှိမှုကို ကျောင်းသား/ကျောင်းသူများနှင့် ဒေသနေ ပြည်သူများက စိတ်ပါဝင်စားစွာ လေ့လာမှတ်သားခဲ့ကြကြောင်း သိရသည်။
ခင်လေးနွယ် (လိပ်သို)