မြိတ် ဇူလိုင် ၁၈
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် အားကစားကဏ္ဍ ဖွံ့ဖြိုးတိုတက်ရေးနှင့် မျိုးဆက်သစ် ပိုက်ကျော်ခြင်း အားကစားသမားများ မွေးထုတ်ပေးနိုင်ရေးအတွက် မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ ဖလားဖိတ်ခေါ်ကလပ်ပေါင်းစုံ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့ နံနက် ပိုင်းက ခရိုင်အားကစားခန်းမတွင် ကျင်းပသည်။
ရှေးဦးစွာ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲကျင်းပရာ မျိုးဆက်သစ်အသင်းနှင့် မိုးသောက်ကြယ်အသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ကြရာ ပြိုင်ပွဲကို အားကစား ဝါသနာရှင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြသည်။ ပြိုင်ပွဲတွင် မျိုးဆက်သစ်အသင်းက မိုးသောက်ကြယ်အသင်းအား (၂) ပွဲပြတ်ဖြင့် အနိုင်ရရှိခဲ့သည်။
ဗိုလ်လုပွဲအပြီးတွင် ဆုချီးမြှင့်ပွဲ ဆက်လက်ကျင်းပခဲ့ရာ နှစ်သိမ့်ဆုနှင့် တတိယဆုရရှိကြသော အသင်းတို့အား ငွေသားဆု၊ ဒုတိယနှင့် ပထမဆုရရှိသော အသင်း တို့မှ အားကစားသမားများအား လည်ဆွဲဆုနှင့် ငွေသားဆုများကို ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းဇော်မိုး၊ မြို့နယ်ပညာရေးမှူး ဦးကျော်ရှိန်နှင့် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ဆက်လက်၍ ပထမဆုရရှိသောအသင်းအား မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌကိုယ်စား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးသောင်းအေး က တံခွန်စိုက်ဆုဖလား ပေးအပ်ချီးမြှင့်သည်။ အဆိုပါ ပြိုင်ပွဲကို ဇူလိုင် (၁၅) ရက်မှ (၁၈) ရက်နေ့အထိ ကျင်းပခဲ့ပြီး ပြိုင်ပွဲဝင်အသင်း (၁၂) သင်း ပြိုင်ပွဲဝင် အားကစားသမား (၆၀) ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး