ဇူလိုင်လ(၁၉)ရက်‌ နေ့တွင်ကျရောက်မည့် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲနှင့်  နံရံကပ်စာစောင်ပြပွဲ‌ ရေဦးမြို့တွင် ကျင်းပ

ရေဦး ဇူလိုင် ၁၈

စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ယနေ့နံနက် ၉ နာရီက အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း အင်ကြင်းဆောင်ခန်းမတွင် ၂၀၂၃ ခုနှစ် ဇူလိုင်(၁၉)ရက် နေ့တွင်ကျရောက်မည့်  (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပခဲ့‌ကြောင်း သိရသည်။

ရှေးဦးစွာ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်သင်းသင်းခိုင်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်ဆွေဝင်းက ပြိုင်ပွဲပြုလုပ်‌ရခြင်းနှင့် နောက်နောင်တွင် ကျရောက်မည့် နေ့ထူးနေ့မြတ်များတွင်လည်း ပြိုင်ပွဲများ ကျင်းပပေးမည်ဖြစ်ပါကြောင်းနှင့် ပါဝင်ယှဉ်ပြိုင်ကြရန် ဖိတ်ခေါ်ပါကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး (၇၆)နှစ် မြောက်အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲကိုကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး၊ အ.ထ.က(၁)၊ အ.ထ.က(၂) ကျောင်းအုပ်ဆရာကြီး ဆရာမကြီးနှင့် မြန်မာစာဆရာကြီးဆရာမကြီးများက အထူးဆု(၁)ရရှိသူ မအိအိကျော်၊ အထူးဆု(၂) ဆုရရှိသူမောင်ကျော်ထက်မြက်၊၊ တတိယဆု ရရှိသူ မရွှေစင်ဦး၊ ဒုတိယဆုရရှိသူ မောင်အောင်ကောင်းစံ၊ ပထမဆုရရှိသူ မဖြူဖြူဆွေထွန်းတို့အား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုတံဆိပ်များ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ထို့နောက် ကျောင်းသားကျောင်းသူလေးများက ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များ ပြသထားရှိမှုကို ကြည့်ရှုခဲ့ကြရာ ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက နံရံကပ်စာစောင်ပါ ကလေးအလုပ်သမား၏ အဓိပ္ပါယ်၊ ကလေးအလုပ်သမားဖြစ်ရခြင်း အကြောင်းရင်းနှင့် စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်နိုင်သည့် အခြေအနေတို့ကို ရှင်းလင်းပြော ကြားပေးခဲ့ကြောင်းသိရသည်။

သန်းသန်း (ရေဦး)