ဗန်းမောက်၊ ဇူလိုင် ၁၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Center ခန်းမ၌ Book Club နှင့်ပူးပေါင်း၍ စာရေးဆရာမ ဒေါက်တာ မတင်ဝင်း(ပညာရေးတက္ကသိုလ်) ရေးသားထားသည့် "မပျက်စီးအောင်ဒါတွေရှောင်" စာအုပ် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ် (၁၂း၀၀)အချိန်က ဆောင်ရွက်ခဲ့သည်။
အဆိုပါစာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မေသူဟန်က မြို့နယ်အတွင်းရှိ စာပေချစ်သူများနှင့် လူငယ်လူရွယ်များ အပြန်အလှန်ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများ၊ ဆွေးနွေးသည့်စာအုပ်ပါ အကြောင်းအရာများအပြင် မိမိတို့လေ့လာဖတ်ရှု မှတ်သားထားသည့် အခြားအသိပညာဗဟုသုတရဖွယ် အကြောင်းအရာများကိုပါ ဆွေးနွေးပြောဆိုတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်အတွက်ရည်ရွယ်၍ စာဖတ်ဝိုင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးတာဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် Book Club အဖွဲ့ဝင် ဒေါ်ခင်နွဲ့နှောင်းရီက စာရေးဆရာမ ဒေါက်တာမတင်ဝင်း (ပညာရေးတက္ကသိုလ်) ရေးသားထားသည့် မပျက်စီးအောင် ဒါတွေရှောင် စာအုပ်ပါအကြောင်းအရာများကို ဦးဆောင်ဆွေးနွေးခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မေသူဟန်က ဆွေးနွေးသည့်စာအုပ်ပါ အကြောင်းအရာများထဲမှ ကိုယ်နှင့်မတန် မင်းဖြစ်ရန်ကို ရည်သန်တောင်းတ ပျက်စီးရ၏ ခေါင်းစဉ်အားလည်းကောင်း၊ Book Club အဖွဲ့ဝင် ဒေါ်ညိုညိုက မိန်းမအရက် လောင်းကစားဖျက်က ပျက်စီးရ၏ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာပေချစ်သူ ဒေါ်သဲသဲက အိုမင်းကုန်ကြ မိနှင့်ဖကိုမလုပ်ကျွေးက ပျက်စီးရ၏ ခေါင်းစဉ်အားလည်းကောင်း ဆွေးနွေးခဲ့ကြသည်။ ထို့နောက် စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသူများက အပြန်အလှန် ဆွေးနွေးခဲ့ကြပြီး စာဖတ်ဝိုင်းသို့ Book Club အဖွဲ့ဝင်များ၊ စာပေချစ်သူများ တက်ရောက်ခဲ့ကြ ကြောင်းသိရသည်။
မေသူ (ဗန်းမောက်)