ချောင်းသာ အောက်တိုဘာ ၁၃
ချောင်းသာမြို့တွင် Stay at Home ကာလအတွင်း အမှန်တကယ် အခက်အခဲဖြစ်နေသော ပြည်သူများ အတွက် ဖြေရှင်းဆောင်ရွက်ပေးနိုင်ရန်နှင့် ချောင်းသာဒေသ လုံခြုံရေး၊ ကိုဗစ်-၁၉ ကပ်ရောဂါကို စုပေါင်း ကာကွယ်ရေးတို့အတွက် ညှိနှိုင်းဆွေးနွေးခြင်းကို ယမန်နေ့ နေ့လည် ၂ နာရီက ချောင်းသာ မြို့စုပေါင်းရုံး အစည်းအဝေး ခန်းမဆောင်တွင် ပြုလုပ်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် Stay at Home ကာလအတွင်း အမှန်တကယ် အခက်အခဲဖြစ်နေသော ပြည်သူတို့အတွက် ဌာနဆိုင်ရာများနှင့် အုပ်ချုပ်ရေးအဖွဲ့များမှ ဆန်အိတ်(၂၆)အိတ်ကို လတ်တလောတွင် လှူဒါန်းထားပြီး အလှူရှင်များ ရှိပါက ချောင်းသာမြို့ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီအဖွဲ့ များထံ ဆက်သွယ် လှူဒါန်းနိုင်ရေး၊ ကော်မတီအနေဖြင့်လည်း ဒေသတွင်းနေ ပြည်သူများ ကပ်ရောဂါဘေးမှ ကင်းဝေးစေရန် ကြိုးစားဆောင်ရွက်နိုင်ရေး၊ မြို့အဝင်အထွက် စစ်ဆေးရေးဂိတ်နှင့် ပင်လယ်ပြင် ဝင်ပေါက်/ထွက်ပေါက်များအား စိစစ်ဆောင်ရွက်ရာတွင် လျော့နည်းမှုများ မဖြစ်ပေါ် စေရန်၊ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ ဖြစ်သည့် Facility Quarantine Center များနှင့်သက်ဆိုင်သည့် ကိစ္စရပ်များ၊ ဒေသဖွံ့ဖြိုးရေး ကိစ္စများဖြစ်သည့် ချောင်းသာ မြို့တွင်း လမ်းမီးကိစ္စရပ်များကိုလည်း ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
အဆိုပါ ဆွေးနွေးပွဲသို့ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီဥက္ကဋ္ဌ ချောင်းသာမြို့ အုပ်ချုပ်ရေးမှူး ဦးကျော်သူနှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကမ်းခြေသန့်ရှင်း သာယာလှပရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ကော်မတီအဖွဲ့များ တက်ရောက်ခဲ့ကြောင်း သိရသည်။
ကိုကိုမောင် (ပြန်/ဆက်)