ပြည်ဒေသ၌ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး "ဟိုတယ်ဆိုင်ရာဝန်ဆောင်မှု အခြေခံသင်တန်းများ" ဖွင့်လှစ်

ပြည် ဇူလိုင် ၁၈

ပဲခူးတိုင်းဒေသကြီအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် တိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက်  အထောက်အကူဖြစ်စေရန် ရည်ရွယ်ဆောင်ရွက်သော "ဟိုတယ်ဆိုင်ရာဝန်ဆောင်မှု အခြေခံသင်တန်းများ" ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြည်မြို့ သီရိခေတ္တရာ ရတနာမြို့တော်ခန်းမ၌ကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးတင်ဦးနှင့် တိုင်း/ခရိုင်/ မြို့နယ်ဌာနဆိုင်ရာများ၊‌ ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီအဖွဲ့ဝင်များ၊ ကဏ္ဍအလိုက် ခရီးသွားလုပ်ငန်းရှင်များ၊ သင်တန်းနည်းပြဆရာများနှင့် သင်တန်းသား/ သင်တန်းသူများ တက်ရောက်သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီး ဦးတင်ဦးက  "ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အတွက် ခရီးသွားဝန်ဆောင်မှု လုပ်ငန်းကဏ္ဍအသီးသီး၏ အဆင့်အတန်းနှင့် အရည် အသွေးမြင့်မားတိုးတက်ရေး၊ ကဏ္ဍအလိုက် ခရီးသွားဝန်ဆောင်မှု လူ့စွမ်းအား အရင်းအမြစ်များ အရည်အသွေးတိုးတက်မြင့်မားရေးတို့အတွက် အထောက်အကူ ဖြစ်စေရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ပြည်ဒေသဟာ ပြည်တွင်း/ပြည်ပ ခရီးသွား ဧည့်သည်များ စိတ်ဝင်စားသည့် ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်းဝင်  သရေခေတ္တရာ ပျူမြို့ဟောင်းနှင့်  သမိုင်းဝင်‌ စေတီပုထိုများ၊ ယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ်များနှင့် မြစ်ကြောင်းသွားခရီးစဉ်များဖြင့် လေ့လာရန်နေရာများစွာရှိသည့် အပြင် ဒေသထွက်အမှတ်တရပစ္စည်းများနှင့် စားသောက်ကုန်ပစ္စည်းများ ထုတ်လုပ် ရောင်းချသည့်လုပ်ငန်းများရှိ၍ ပြည်တွင်း/ပြည်ပခရီးသွားဧည့်သည်များ စိတ်ဝင်တစား လာရောက်လည်ပတ်လေ့ရှိသော နေရာတစ်ခုဖြစ်ကြောင်း ထို့ကြောင့် ခရီးသွားဧည့်သည်များ စိတ်ကျေနပ်မှုရရှိစေရန် ဝန်ဆောင်မှုပေးရသည့် ကဏ္ဍအလိုက် ခရီးသွားလုပ်ငန်းဝန်ထမ်းတွေရဲ့ အရည်အသွေးမြင့်မားရေးဟာ အရေးကြီးကြောင်း" စသည်ဖြင့် သင်တန်ဖွင့်အမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားသည်။

ထို့နောက် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီအဖွဲ့ဝင်၊ မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း သရေခေတ္တရာဇုန်ဥက္ကဋ္ဌ ဦးထွန်းလင်းသောင်း က သင်တန်းအတွက် အဘက်ဘက်မှ ပံ့ပိုးကူညီဆောင်ရွက်ပေးကြသော တိုင်းဒေသကြီးအစိုးရအဖွဲ့၊ သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် အဖွဲ့အစည်းများအား ကျေးဇူးတင်စကားပြောကြားပြီး တိုင်းဒေသကြီးဝန်ကြီးနှင့်အဖွဲ့က သင်တန်းသား၊ သင်တန်းသူများနှင့်အတူ မှတ်တမ်းဓာတ်ပုံများရိုက်ကူးကြသည်။

အဆိုပါ ဟိုတယ်ဆိုင်ရာဝန်ဆောင်မှု အခြေခံသင်တန်းများ ဖွင့်လှစ်ရာတွင် "အခြေခံ ဧည့်ကြိုသင်တန်း၊ အခြေခံအစားအစာနှင့် အဖျော်ယမကာ ဝန်ဆောင်မှုသင်တန်းနှင့် အခြေခံအိပ်ခန်းဆောင် ထိန်းသိမ်းရေးသင်တန်းများ" ဖွင့်လှစ်ခြင်းဖြစ်ပြီး ယင်း သင်တန်းများသို့ ဒေသတွင်း ဟိုတယ်နှင့်ခရီးသွားဝန်ဆောင်မှု လုပ်ငန်းရှင်များ အပါအဝင် သင်တန်းသား၊ သင်တန်းသူစုစုပေါင်း ၁၅၆ ဦး တက်ရောက်ကြကာ သင်တန်းတွင် ရန်ကုန်မြို့မှ ဝါရင့်ကျွမ်းကျင်ပညာရှင် နည်းပြဆရာများက နိုင်ငံတကာ စံနှုန်းများဖြင့် အဆိုပါကဏ္ဍအလိုက် ဝန်ဆောင်မှုပညာရပ်များကို သင်တန်းကာလ ၁၀ ရက်အတွင်း တစ်ရက်လျှင် သင်တန်းချိန် ၆ နာရီကြာစာတွေ့လက်တွေ့ စနစ်တကျ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။

ကိုဆက်(ပြန်/ဆက်)