အမာ ဇူလိုင် ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၌ မိုးရာသီတွင်ဖြစ်ပွားတတ်သော ငှက်ဖျားရောဂါ၊ သွေးလွန်တုပ်ကွေးရောဂါ၊ ဝမ်းရောဂါများ ကြိုတင်ကာကွယ်နိုင်ရေး၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေးအတွက် ကျန်းမာရေးဝန်ထမ်းများက အမာမြို့၊ အခြေခံပညာအထက်တန်းကျောင်းနှင့် အမာမြို့၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းလွန်ကျောင်းများ၌ ခြင်ဆေးဖျန်းခြင်း လုပ်ငန်းကို ယမန်နေ့ညနေ (၃) နာရီတွင် ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။
အဆိုပါ ခြင်ဆေးဖျန်းခြင်းလုပ်ငန်းကို အမာမြို့၊ ကျေးလက်ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးမှူး ဦးအောင်မြင့်ဦးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ဖျာပုံမြို့၊ ကျန်းမာရေးဌာန၊ ငှက်ဖျားတိုက်ဖျက်ရေးအဖွဲ့မှဝန်ထမ်းများက လာရောက်ဖျန်းပေးပြီး၊ သွေးလွန်တုပ်ကွေးရောဂါ ပျံ့ပွားမှုမရှိစေရေး ကြိုတင်ကာကွယ်နိုင်ရန် အမာမြို့၊ အခြေခံပညာအထက်တန်းကျောင်း၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြိုကျောင်းများ၌ ခြင်ဆေးများဖျန်းပေးခဲ့ ကြောင်းသိရသည်။
ထိုကဲ့သို့ ကျန်းမာရေးဌာနမှ ခြင်ဆေးများဖျန်းပေးရာတွင် အဆင်ပြေစေရေး ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အထကကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဝန်ထမ်းများ၊ မူလတန်းကြိုကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့်ဝန်ထမ်းများ၊ အမာမြို့၊ ကျေးလက်ကျန်းမာရေးဌာနမှ ဆရာမများက ပူးပေါင်းကူညီဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အမာ (ပြန်/ဆက်)