ပိုင်ကျုံ ဇူလိုင် ၁၈
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက်ပိုင်းက အ.မ.က ရာခိဘောင်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေဦးစွာ ဟောပြောပွဲတွင် တာဝန်ခံကျောင်းအုပ်ဆရာမကြီး ဒေါ်နော်ဘာဆိုဂေက အဖွင့်အမှာစကား ပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နော်ခူးခူးက အာဇာနည်နေ့ဖြစ်ပေါ်လာပုံ၊ အာဇာနည်ကြီးများအား လုပ်ကြံခံရပုံနှင့်အာဇာနည်ကြီးများတို့၏ အသက်သွေးများဖြင့် ရယူခဲ့သည့်လွတ်လပ်ရေးကို ဝိုင်းဝန်းထိန်းသိမ်းရမည့်အကြောင်းများအား အသိပညာပေး ဆွေးနွေးပြောကြားသည်။
ထို့နောက် ခန်းမအတွင်း ပြသထားသော နံရံကပ်စာစောင်များကို ကျောင်းသား/ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာပြီး ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ကျောင်းများဖွင့်လှစ်သည့်ကာလအတွင်း ကျောင်းသားလူငယ်များ အသိပညာဗဟုသုတပိုမိုရရှိစေရေးအတွက် အခြေခံပညာကျောင်းများသို့ လစဉ်နယ်လှည့် အသိပညာပေးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နော်ခူး(ပြန်/ဆက်)