ချောင်းသာ ဇူလိုင် ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးလုပ်ငန်းများကို ဌာနပေါင်းစုံပါဝင်သော ပူးပေါင်းအဖွဲ့များက စဥ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီက မြို့ပေါ်ရပ်ကွက်(၃)ခုတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ထမ်းများနှင့် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့များနှင့် မြို့မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းတို့ ပူးပေါင်း၍ ရပ်ကွက်များအတွင်းရှိ လူနေအိမ်များ၊ သာသနိက အဆောက်အဦများတွင်ခြင်နှင့် ပိုးလောက်လန်းများ အလွယ်တကူ ပေါက်ပွားနိုင်သည့် ရေစည်၊ ရေပုံးများ၊ ရေတွင်း၊ ရေကန်များ၊ ရေမြောင်းများတွင် အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်ပြုလုပ်ခြင်း၊ ပတ်ဝန်းကျင်သန့်ရှင်း သာယာလှပရေးအတွက် ခြုံနွယ်ပိတ်ပေါင်းများ ရှင်းလင်းခြင်း၊ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ် နိုင်ရေးအတွက် အသိပညာပေးခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ ပူးပေါင်းအဖွဲ့များက သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ် နိုင်ရေးအတွက် ရပ်ကွက်များအပြင် စာသင်ကျောင်းများသို့လည်း သွားရောက်ပြီး ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
ကျော်ကျော် (ပြန်/ဆက်)