ကြံခင်း ဇူလိုင် ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲတွင် အောင်ချက်အကောင်းဆုံးကျောင်းများနှင့် ဂုဏ်ထူးရ ထူးချွန် ကျောင်းသား/သူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကြံခင်း မြို့ ဧရာဦးခန်းမတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်က ဂုဏ်ပြုအဖွင့်အမှာစကား ပြောကြားရာတွင် ယခုလိုထူးချွန်ကျောင်းသား၊ ကျောင်းသူများ ပေါ်ထွက်လာသဖြင့် မြို့နယ် အတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်းနှင့် နိုင်ငံတော်အတွက် အကျိုးပြုသော အနာဂတ် ခေါင်းဆောင်ကောင်းများဖြစ်အောင် ဆက်လက်ကြိုးစားကြရန် ပြောကြားပြီးနောက် မြို့နယ် ပညာရေးမှူး ဒေါ်ဌေးဌေးက ဂုဏ်ထူးရရှိသော ကျောင်းသား၊ ကျောင်းသူများ၊ သင်ပြပေးခဲ့သော ဘာသာရပ်သင် ဆရာ/ဆရာမများ၊ အောက်ခြေခိုင်အောင်သင်ပြပေးခဲ့သော ဆရာ/ဆရာမများနှင့် တိုင်းအဆင့်တွင် (ပထမ)ဖြင့် အောင်ချက်ရာခိုင်နှုန်း (၇၉.၂၈) ရရှိအောင် အဘက်ဘက်က ဆောင်ရွက်ကြသူများအား ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းတင်ပါကြောင်း ပြောကြားသည်။
ထို့နောက် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် တိုင်းဒေသကြီးအဆင့် အောင်ချက် (ပထမ)ဆုနှင့် ထူးချွန်စွာအောင်မြင်ခဲ့သော ဂုဏ်ထူးရ ကျောင်းသား/သူများအား ဆုများချီးမြှင့်ရာ (၅)ဘာသာဂုဏ်ထူးရှင်(၇)ဦး၊ (၄)ဘာသာဂုဏ်ထူးရှင်(၇)ဦး၊ (၃)ဘာသာဂုဏ် ထူးရှင်(၂၄)ဦး၊ (၂)ဘာသာ ဂုဏ်ထူးရှင်(၃၈)ဦး၊ (၁)ဘာသာဂုဏ်ထူးရှင်(၈၀)ဦးနှင့် နိုင်ငံတော် အဆင့်(ဒုတိယ)၊ တိုင်းအဆင့် (ပထမ)ရရှိသော (၅)ဘာသာဂုဏ်ထူးရှင်နှင့် အောင်ချက် အကောင်းဆုံးဆုရ အခြေခံပညာအထက်တန်းကျောင်း(၆)ကျောင်း တို့အား မြန်အောင်ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး အောင်စိုး၊ မြန်အောင်ခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဝင်းထက်၊ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်နှင့် တာဝန်ရှိသူအသီးသီးတို့က ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြု မှတ်တမ်းလွှာများ ချီးမြှင့်ပေးခဲ့ကြသည်။
အခမ်းအနားသို့ မြန်အောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး အောင်စိုး၊ မြန်အောင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးကျော်ဝင်းထက်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာ ရေးမှူး ဒေါ်ဌေးဌေး၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်အမျိုးသမီးရေးရာ ကော်မတီဥက္ကဋ္ဌ ဒေါ်စန်းစန်းမြင့်နှင့် အဖွဲ့ဝင်များ၊ မြို့မိ၊မြို့ဖများ၊ လုပ်ငန်းရှင်များ၊ အောင်ချက် အကောင်းဆုံးဆုရ အခြေခံပညာ အထက်တန်းကျောင်းများမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ၊ ဂုဏ်ထူးရ ထူးချွန်ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများ၊ တက်ရောက် ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)