သံတောင်ကြီး ဇူလိုင် ၁၈
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း ၍ ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမတွင် ယနံနက် (၉) နာရီအချိန်က ကျောင်းသူ/ကျောင်းသားများအား (၇၆) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ကဗျာရွတ်ပြိုင်ပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲများ ဆောင်ရွက်ပေးခြင်းဖြင့် အာဇာနည်နေ့အထိမ်းအမှတ် ပြုလုပ်ရခြင်းကိုသိရှိစေရန် ကလေးငယ်များ ဉာဏ်ပညာစွမ်းရည် အတွေးအခေါ် စွမ်းရည်များ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ စာဖတ်ခြင်းအလေ့အထများရှိစေရန်၊ လူရှေ့သူရှေ့ ပြောရဲဆိုရဲ ရှိလာစေရန် အတွက် ယခုကဲ့သို့ ပြိုင်ပွဲများပြုလုပ်ရခြင်းဖြစ်ပြီး မူလတန်းအဆင့်ကဗျာ ရွတ်ပြိုင်ပွဲခေါင်းစဉ်ဖြစ်သည့်” ၁၉ဇူလိုင်မမေ့နိုင်ကဗျာ” အား ကျောင်းသူ/ကျောင်းသား (၁၅) ဦး၊ အလယ်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲတွင် ကျောင်းသူ/ကျောင်းသား (၇) ဦးက အာဇာနည်စိတ်ဓါတ်၊ အာဇာနည်နေ့ဒို့မမေ့ခေါင်းစဉ်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ကြရာ ဆုရရှိသူများအား မြို့နယ်ဦးစီးမှူးနော်လော်မူနှင့် ဝန်ထမ်းများက အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့သည်။
ထို့နောက်စာအုပ်စာစောင်ပြပွဲနှင့် အာဇာနည်နေ့နှင့် သက်ဆိုင်သည့် နံရံကပ်စာစောင်များအား ဆက်ပြသပေးရာ ကျောင်းသူ/ကျောင်းသားများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
နော်နော်မူ