ကသာ ဇူလိုင် ၁၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့ အမှတ်(၁) အခြေခံပညာ အလယ်တန်းကျောင်း၌ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ နှင့် နံရံကပ်စာစောင်ပြပွဲ ကို ယနေ့ နံနက် (၈) နာရီအချိန်က အဆိုပါ သရဖီဆောင်အစည်းအဝေးခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့သည်။
အသိပညာပေး ဟောပြောပွဲတွင် ကသာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ငြိမ်းအိအိဖြိုးက ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် “အာဇာနည်နေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ ပြည်ထောင်ကြီးထာဝရ ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ဝိုင်းဝန်း ကြိုးပမ်းလှုပ်ရှား ဆောင်ရွက်ခဲ့ကြ သည့် ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည်ခေါင်းဆောင် ကြီးများအား အစဉ်အမြဲအောက်မေ့သတိရပြီး တန်ဖိုးထားလေးစားမြတ်နိုးတတ်စေရန်” အကြောင်းအရာများကို ရှင်းလင်းဟောပြောပြီး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စောကလျာက “အာဇာနည် စိတ်ဓာတ်နှင့် နာမည်ကောင်းသည့် လူတော် လူကောင်းများအကြောင်း” တို့ကို အသိပညာပေး ဟောပြောခဲ့သည်။ ထို့နောက် ကသာခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ (၇၆) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် အာဇာနည်ခေါင်းဆောင်ကြီး များ၏ အတ္ထုပ္ပတ္တိကိုယ်ရေးအကျဉ်းနှင့် လွတ်လပ်ရေးကြိုးပမ်းမှု မှတ်တမ်းဓာတ်ပုံနှင့် ပန်းချီကားများ ခင်းကျင်းပြသထားရှိမှုကို ကျောင်းဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှု မှတ်သားခဲ့ကြ ကြောင်း သိရသည်။
(၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲများ၊ စာစီစာကုံးပြိုင်ပွဲများကို အခြေခံပညာကျောင်းများတွင်လည်း ကျောင်းအလိုက် ကျင်းပပြုလုပ် ဆောင်ရွက်ကြကြောင်း မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်ဝင်းထံမှ သိရသည်။
ကျော်စွာ(ကသာ)