ပဲခူး ဇူလိုင် ၁၈
ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတများတိုးပွားစေရန်နှင့် နေ့ထူးနေ့မြတ်များကို မမေ့အပ်စေရန်ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်ရုံး လူထုအခြေပြုဗဟိုဌာနခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်က (၇၆) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲများ ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပဲခူးခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ချစ်ချစ်သန်းက ကျောင်းသား/ကျောင်းသူများအား အာဇာနည်နေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းကို အကျယ်တဝင့် အသိပညာပေး ရှင်းလင်းဟောပြောခဲ့သည်။
ယင်းနောက် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို ဆက်လက်ကျင်းပရာ ကျောင်းသား/ကျောင်းသူ များက ပျော်ရွှင်စွာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ မှတ်တမ်းဓာတ်ပုံများ၊ အသိပညာပေးနံရံကပ်စာစောင်များ၊ စာအုပ်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
သက်ဖြိုးကြိုင် (ပြန်/ဆက်)