ကျောက်တံခါး အောက်တိုဘာ ၁၃
ပဲခူးခရိုင်၊ ကျောက်တံခါးမြို့၊ ကွင်းနောက်ရပ်ကွက်၊ သနန္တနဓမ္မရိပ်သာ ဟိန္ဒူကျောင်းတွင် ဖွင့်လှစ်ထားသော ရွေးကောက်ပွဲဆိုင်ရာ အထူးရဲသင်တန်းတက်ရောက်နေသည့် သင်တန်း နည်းပြနှင့် သင်တန်းသားများ အားယမန်နေ့ကကိုဗစ်-၁၉ရောဂါပိုးရှိ/မရှိ စစ်ဆေး အတည်ပြု ရယူရန်အတွက် အာခေါင်တို့ပတ်နှင့် နှာခေါင်း တို့ပတ်များ ရယူစစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် ပြည်သူများ ဘေးကင်းလုံခြုံစွာ ဆန္ဒမဲပေးနိုင်ရေးအတွက် မဲရုံများတွင် တာဝန်ချထားမည့် သင်တန်းသား(၂၀၁)ဦး နှင့်သင်တန်းနည်းပြများအား အာခေါင်တို့ပတ်နှင့် နှာခေါင်းတို့ပတ်များရယူ၍ ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ သိရှိ နိုင်ရန်အတွက် မြို့နယ် ကျန်းမာရေး ဦးစီးဌာနမှူးနှင့်ကျန်းမာရေးဝန်ထမ်းများက စစ်ဆေးမှုများ ပြုလုပ် ခဲ့ကြောင်းသိရသည်။
အဆိုပါရွေးကောက်ပွဲဆိုင်ရာ အထူးရဲသင်တန်းအား အောက်တိုဘာလ ၁ရက်နေ့မှ ၂၈ ရက်နေ့အထိ (၂၈)ရက်ကြာ သင်ကြားပို့ချပေးလျက်ရှိပြီး သင်တန်းတက်ရောက်စဉ် သင်တန်း စည်းကမ်းများနှင့်အတူ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ကြေငြာထားသော ကိုဗစ်-၁၉လမ်းညွန်ချက်များ လိုက်နာရမည့် စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ် ပို့ချလျက်ရှိကြောင်း သိရသည်။
စန်းစန်း(ပြန်/ဆက်)