ညောင်လေးပင်မြို့နယ်တွင် (၇၆) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်စာ​စောင်ပြပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပ

ညောင်လေးပင် ဇူလိုင် ၁၈

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်၌ ဇူလိုင်လ (၁၉) ရက်နေ့တွင် ကျရောက်မည့် (၇၆) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယနေ့မွန်းတည့်အချိန်က လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပခဲ့သည်။

ပထမဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နီနီဝင်းမှ ဟောပြောပွဲ ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မြန်မာနိုင်ငံ၏ နေ့ထူးနေ့မြတ်များ၏ အဓိပ္ပါယ်၊ အာဇာနည်နေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းအား ပိုမိုသိရှိနိုင်စေရန်ရည်ရွယ်၍ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၆) နှစ်မြောက်အာဇာနည်နေ့နှင့်ပတ်သက်သည့် အကြောင်းအရာများအား အသိပညာပေး ပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများအား စာဖတ်စွမ်းရည် ပိုမိုတိုးတက်လာစေရန်ရည်ရွယ်၍ စာဖတ်စွမ်းရည်ပြိုင်ပွဲပြုလုပ်ခဲ့ပြီး ပြသထားသော အသိပညာပေးနံရံကပ်စာစောင်များနှင့် ဗဟုသုတရဖွယ် သုတ၊ ရသစာအုပ်များအား စိတ်ဝင်တစား လေ့လာကြည့်ရှုခဲ့ကြသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဟိန်းသူနိုင် (ပြန်/ဆက်)