ကျွန်းလှ ဇူလိုင် ၁၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးရွှေအောင်နှင့် အဖွဲ့ဝင်များသည် ယမန်နေ့က ကျွန်းလှမြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ကျွန်းလှမြို့၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနရုံး၌ နိုင်ငံ့ဝန်ထမ်းများ၏ ကိုယ်ရေးအချက်အလက်နှင့် ဇီဝဆိုင်ရာ အချက်အလက်ကောက်ယူနေခြင်းကို လည်းကောင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းအိမ်ယာတွင် ကွန်ကရစ် ရေးစင်တည်ဆောက်နေခြင်းနှင့် မြို့နယ်ပြည်သူ့ဆေးရုံတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်ဆွေးနွေးခဲ့သည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ အလှူရှင်များက ဗုဒ္ဓတက္ကသိုလ် (ကျွန်းလှ)တွင် ဆွမ်းဆန်စိမ်း၊ ဆီ၊ အလှူငွေနှင့် လှူဖွယ်ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်း ဆက်ကပ်ခြင်းဆောင်ရွက်ပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှတမ်း ပေးဝေကြသည်။
ယင်းနောက် တွေ့ဆုံပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးရွှေအောင်၊ အမှတ်(၂) နည်းဗျူဟာမှူးဗိုလ်မှူးကြီး အောင်ဇော်မြင့်နှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက အမှာစကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးတင့်ထူးက ဒေသဆိုင်ရာ အချက်အလက်များနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများက ဌာနအလိုက်လုပ်ငန်း ဆောင်ရွက် နေမှုအား ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ စစ်ကြောင်းကြီး ၅ ကြောင်းနှင့် ဒေသခံပြည်သူများတွေ့ဆုံပွဲကျင်းပရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးရွှေအောင်က အမှာစကားပြောကြားပြီး အမှတ်(၂) နည်းဗျူဟာမှူး ဗိုလ်မှူးကြီး အောင်ဇော်မြင့်နှင့် တာဝန်ရှိသူတို့က နယ်မြေလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ နိုင်ငံသားစိစစ်ရေးကတ် ဆောင်ရွက်ပေးရေးတို့ကို ဆွေးနွေးကြ၍ တက်ရောက်လာကြသူများ တင်ပြချက်များအပေါ် ပြန်လည်ရှင်းလင်းဆွေးနွေးကြကြောင်း သိရသည်။
မျိုးဝင်းညို (ကျွန်း/လှ)