ပြည် ဇူလိုင် ၁၈
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုဗဟိုပြုအခြေပြုဗဟိုဌာနခန်းမတွင် ယနေ့နံနက်ပိုင်းက ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲများ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ခင်ရွှေဝါဖူးမှ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲ ဆောင်ရွက်ရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ခရိုင်ဥပဒေရေးရာဌာနမှ ခရိုင်ဥပဒေအရာရှိ ဒေါ်သီသီစန်းက အသိပညာပေးဟောပြောပွဲ တက်ရောက်လာသော ကျောင်းသားကျောင်းသူများအား ကလေးအလုပ်သမား၏အဓိပ္ပါယ်၊ ကလေးအလုပ်သမား ဖြစ်ပေါ်ရသည့် အကြောင်းအရင်းများ၊ ကလေးအလုပ်သမား ကာကွယ်ရေးဥပဒေများနှင့် ကလေးအလုပ်သမားတွေ လျော့နည်းပပျောက်စေဖို့အတွက် အစိုးရအနေနဲ့တော့ မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီကို နိုင်ငံတော်အဆင့် ဖွဲ့စည်းထားပြီး ဆောင်ရွက်လျက်ရှိကြောင်း စသည့်အကြောင်းအရာများအား ရှင်းလင်းဟောပြော ဆွေးနွေးသည်။ ယင်းနောက် ဟောပြောပွဲ တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများ အား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများက မုန့်များဝေငှပေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများမှ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲအား ကြည့်ရှု့လေ့လာခဲ့ကြောင်း သိရသည်။
အဆိုပါဟောပြောပွဲသို့ အ.ထ.က ရွှေတံခါးမှ ကျောင်းသား၊ ကျောင်းသူများနှင့် စိတ်ပါဝင်သူ စုစုပေါင်း ၃၀ ဦးခန့်တက်ရောက်ခဲ့ပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် လစဉ်ကျောင်းသား၊ ကျောင်းသူများအား ကာယ၊ ဉာဏ အသိပညာဗဟုသုတ အဖြာဖြာတိုးပွားစေရန်ရည်ရွယ်ချက်ဖြင့် ဟောပြောပွဲများ၊ ပြပွဲ၊ ပြိုင်ပွဲများ ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)