ကန့်ဘလူမြို့နယ်၌ ကျေးရွာပြည်သူများ၏ အခက်အခဲများ ကူညီဖြေရှင်းပေးနိုင်ရေး ကျေးရွာပြည်သူများနှင့် တွေ့ဆုံဆွေးနွေး

ကန့်ဘလူ ဇူလိုင် ၁၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ကျေးရွာနေပြည်သူများ၏ အခက်အခဲများ ကူညီဖြေရှင်းပေးနိုင်ရေး အတွက် ခရိုင်/မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းဖြင့် ကျေးရွာ ပြည်သူများနှင့် တွေ့ဆုံပွဲကို ယမန်နေ့ မွန်းလွဲ ၃ နာရီက လိတ္ထူကျေးရွာ ဇေယျာသီရိရွာဦး ဘုန်းတော်ကြီးကျောင်းတိုက် ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တွေ့ဆုံဆွေးနွေးပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးရွှေအောင်၊ နည်းဗျူဟာစစ်ဆင်ရေး အဖွဲ့ ဒုတိယဗိုလ်မှူးကြီး အောင်ဇော်မြင့်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သောင်းထိုက်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူး ဦးခင်မောင်ဌေး၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းထက်နိုင်မြင့်တို့က ကျေးရွာပြည်သူများ၏ အခက်အခဲများ၊ လိုအပ်ချက်များကို ကူညီဖြေရှင်းပေးနိုင်ရန်အတွက် လာရောက်ခြင်းဖြစ်ကြောင်း၊ မိမိတို့ ဖြေရှင်းပေးနိုင်သည်များကို သက်ဆိုင်ရာ မြို့နယ်ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း၊ မဖြေရှင်းပေးနိုင်သည် များကို တိုင်းဒေသကြီး၊ ပြည်ထောင်စုသို့ ဆက်လက် တင်ပြပေးသွားမည်ဖြစ်ကြောင်း၊ နယ်မြေလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေး ချမ်းသာယာရေး၊ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် နိုင်ငံသားတစ်ဦးချင်း၏ ကိုယ်ရေးအချက်အလက် ကောက်ယူမှု အခြေအနေများကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြ သော ကျေးရွာ ပြည်သူများကလည်း ပွင့်ပွင့်လင်းလင်း ဆွေးနွေးတင်ပြကြရန် ပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသူ လိတ္ထူကျေးရွာ၊ အင်ကြင်းစုကျေးရွာနှင့် ကိုင်းတောကျေးရွာပြည် သူများက လမ်း၊ တံတားကောင်းမွန်ရေး၊ ကျောင်းဆောင်သစ် ချထားပေးနိုင်ရေး၊ မီတာခများ ပေးချေရမှု များပြားနေမှု အခြေအနေများကို ဆွေးနွေးတင်ပြကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက သက်ဆိုင်ရာဌာန ဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူ များ၊ ကျေးရွာအုပ်စုအုပ်ချုပ် ရေးမှူးနှင့် အုပ်စုတွင်းရှိ ကျေးရွာများမှ ရပ်မိရပ်ဖများ၊ ကျေးရွာပြည်သူများ တက်ရောက်ခဲ့ ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)