ချောင်းဦး ဇူလိုင် ၁၈
လူငယ်များ အသိဉာဏ်ပညာဗသုသုတနှင့် ပြည့်စုံပြီး လူတော်လူကောင်းများ ဖြစ်လာစေရန် ရည်ရွယ်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အစိုးရနည်းပညာ အထက်တန်းကျောင်းတို့ ပူးပေါင်း၍ လူငယ်အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲကို ယမန်နေ့နံနက်(၁၀)နာရီက ချောင်းဦးမြို့ နည်းပညာအထက်တန်းကျောင်း လက်တွေ့ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အခန်းအနားတွင် နည်းပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်မျိုးမျိုးကြည်က မိတ်ဆက်စကား ပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထိန်လင်းက လူငယ်နှင့်အနာဂတ်ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားမှူး ဒေါ်မာလာခိုင်က လူငယ်နှင့်အားကစားခေါင်းစဉ်ဖြင့် လည်းကောင်းအသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။ ယင်းနောက် တက်ရောက်လာသည့် ကျောင်းသားကျောင်းသူများ၊ နည်းပြဆရာ/ ဆရာမများက ပြသထားသည့် မူးယစ်ဆေးဝါးပပျောက်ရေးနှင့် လူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာပေး နံရံကပ်စာစောင်နှင့် ဓာတ်ပုံများအား ကြည့်ရှု့လေ့လာခဲ့ကြကြောင်း သိရသည်။ လူငယ်အသိပညာပေး ဟောပြောပွဲသို့ တက်ရောက်လာသည့် ကျောင်းသားကျောင်းသူများနှင့် နည်းပြဆရာဆရာမများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဝန်ထမ်းများက ကလေးအလုပ် သမားပပျောက်ရေး အသိပညာပေး လက်ကမ်းစာစောင်နှင့် အားကစားနှင့် ကာယသိပ္ပံအကြောင်း လက်ကမ်းစာစောင်တို့ကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။