တောင်တွင်းကြီးမြို့နယ်တွင် (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

တောင်တွင်းကြီး  ဇူလိုင် ၁၈

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ပြိုင်ပွဲများတွင် ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ နံနက်(၁၀) နာရီက ကျင်းပသည်။

အဆိုပါအခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးမိုးမိုးမြင့်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ငယ်ရွယ်စဉ်ကလေးဘဝမှစ၍ စာကြည့်တိုက်သို့ စဉ်ဆက်မပြတ် ဝင်ထွက်သွားလာတက်သည့် အလေ့အထများ ဖြစ်ပေါ်စေရန်၊ စာအုပ်၊ စာပေနှင့်ရင်းနှီးစေရန်၊ စာဖတ်သည့်အလေ့အထဖြစ်ပေါ်စေရန်၊ အများနှင့် ပူးပေါင်းဆောင်ရွက်တက်စေရန်၊ ကောင်းသောယှဉ်ပြိုင်လိုစိတ်များရှိစေရန်နှင့် အာဇာနည်နေ့ အကြောင်း လေ့လာသိရှိနိုင်စေရန်  ရည်ရွယ်၍ ပညာရေးဌာနနှင့် ပူးပေါင်းကာ အမှတ် (၉၀) အခြေခံပညာ အလယ်တန်းကျောင်းမှ    အလယ်တန်းအဆင့်၊   ကျောင်းသား၊ ကျောင်းသူများအား ပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးခြင်းဖြစ်ကြောင်း‌ ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ကျပန်းစကားပြောပြိုင်ပွဲတွင် ပထမဆုရရှိသည့် ကျောင်းသူ မဆုနန္ဒာလင်းလက်က ပြန်လည်သရုပ်ပြပြောကြားခဲ့ပြီ  စာစီစာကုံးပြိုင်ပွဲ၊ ကျပန်းစကားပြော ပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆု ရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများကို တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။

ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက ခင်းကျင်းပြသထားသည့် အာဇာနည်နေ့အကြောင်း သိကောင်းစရာနံရံကပ်စာစောင်များ၊ ဗိုလ်ချုပ်မိသားစု မှတ်တမ်းဓာတ်ပုံများ၊ ဗိုလ်ချုပ်အောင်ဆန်း၏ သမိုင်းဝင် မှတ်တမ်းဓါတ်ပုံများအား ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

အောင်ကို(ပြန်/ဆက်)