ဘားအံ ဇူလိုင် ၁၇
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၌ ဇူလိုင်လ(၁၉)ရက်နေ့တွင် ကျရောက်မည့်(၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးစကားဝိုင်းနှင့် နံရံကပ်စာစောင်ပြပွဲကို ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ကရင်ပြည်နယ် စာကြည့် တိုက်များဖောင်ဒေးရှင်းတို့ပူးပေါင်း၍ ယနေ့မွန်းလွဲပိုင်းတွင် ဘားအံမြို့၊ အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်း ကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ဘားအံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာန၊ ကရင်ပြည်နယ် စာကြည့်တိုက်များဖောင်ဒေးရှင်းမှ တာဝန်ရှိသူများနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ စုစုပေါင်း(၃၂၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ရှေးဦးစွာ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း Grade-10 မှ ကျောင်းသား/ကျောင်းသူများက အာရှသူရဲကောင်းတေးသီချင်းသီဆို၍ အခမ်းအနားအား ဖွင့်လှစ်ပေးခဲ့ပြီး ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုခဲ့ကြကြောင်း သိရသည်။
ဆက်လက်၍ ဘားအံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူးဒေါ်စိုးစိုးအေးက အဖွင့်အမှာစကားနှင့် စကားဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အဖြစ် စကားဝိုင်းကို ကျင်းပပြုလုပ်ခဲ့ရာ ကရင်ပြည်နယ်စာကြည့်တိုက်များ ဖောင်ဒေးရှင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက အာဇာနည်နေ့ဖြစ်ပေါ်လာပုံ၊ ဗိုလ်ချုပ်အောင်ဆန်း၏စိတ်ဓာတ်၊ အာဇာနည် ဆိုသည်မှာ၊ အာဇာနည် ခေါင်းဆောင်များ ကျဆုံးမှုနှင့်ပတ်သက်၍ ရရှိခဲ့သည့် သမိုင်းသင်ခန်းစာများကို အသိပညာပေး ဆွေးနွေးခဲ့ကြရာ ကျောင်းသား/ကျောင်းသူများက သိရှိလိုသည်များ ပြန်လည်မေးမြန်းကြ၍ ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် နံရံကပ်စာစောင်များကို တာဝန်ရှိသူများနှင့် ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင် စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)