မူးယစ်ဆေးဝါးအန္တရာယ် အကြောင်း သိကောင်းစရာ အသိပညာပေးဟောပြော နံရံကပ်စာစောင်များပြသ

အင်းတော် ဇူလိုင် ၁၇

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ယနေ့ နံနက် ၉ နာရီအချိန်က အခြေခံပညာ မူလတန်းကျောင်း (မြို့မ)၌ မူးယစ်ဆေးဝါး အန္တရာယ်အကြောင်း သိကောင်းစရာများ အသိပညာပေး ဟောပြောခဲ့ပြီး မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များကို ပြသခဲ့ကြောင်း သိရသည်။

မိမိတို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ကျောင်းသူ/ကျောင်းသားများအား မူးယစ်ဆေးဝါး အန္တရာယ်အသိပညာပေးဟောပြောပွဲများ၊ နံရံကပ်စာစောင်ပြပွဲများကို အခါအားလျှော်စွာ ပြသဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ ကျောင်းသူ/ကျောင်းသားများ အနေဖြင့် မူးယစ်ဆေးဝါး အန္တရာယ် များကို သိရှိနားလည်ပြီး မူးယစ်ဆေးဝါး၏ သားကောင်များအဖြစ်မှ ကင်းဝေးစေနိုင်ရေး၊ နိုင်ငံတော်၏ အားကိုးအားထားပြုရမည့် လူချွန်လူကောင်းများ ပေါ်ထွက်လာနိုင်ရေးအတွက် ယခုကဲ့သို့ အသိပညာပေး ဟောပြောပွဲများကို ဆောင်ရွက်ပေးရခြင်း ဖြစ်ပါကြောင်း အင်းတော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်သီဟက ပြောပြခဲ့သည်။

အဆိုပါ အဖွဲ့သည် နံနက် ၉ နာရီ အချိန်၌ ကျောင်းသူ/ကျောင်းသားများအား မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များနှင့် ကလေးအလုပ်သမားများ ပပျောက်ရေး အသိပညာပေး လက်ကမ်းစာစောင်များကို ဝေငှပေးအပ်ခဲ့ပြီး မူးယစ်ဆေးဝါးအသိပညာပေး နံရံကပ်စာစောင် များကို ပြသခဲ့သည်။ ထို့နောက် အခြေခံပညာမူလတန်းကျောင်း ( မြို့မ ) မှ ကျောင်းသူ/ကျောင်းသားများအား မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာများကို အင်းတော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက အသိပညာပေးဟောပြောခဲ့ပြီး အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဒေါ်မြင့်မြင့်စန်းက လူငယ်နှင့်အားကစားအကြောင်း သိကောင်းစရာများကို ဟောပြောခဲ့ကာ အားကစားပစ္စည်းများကို သက်ဆိုင်ရာကျောင်းအုပ်ကြီးထံသို့ ပေးအပ်ခဲ့ကြောင်း သိရသည်။

ကျော်သီဟ