တနင်္သာရီတိုင်းဒေသကြီးပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာကြီးကြပ်မှုကော်မတီ တတိယအကြိမ်ညှိနှိုင်း အစည်းအဝေးကျင်းပ

ထားဝယ်   ဇူလိုင်  ၁၈

တနင်္သာရီတိုင်းဒေသကြီး ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီတတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပခဲ့သည်။

အစည်းအဝေးတွင် တိုင်းဒေသကြီးပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသ ကြီးသယံဇာတရေးရာဝန်ကြီး ဦးခင်မောင်မြင့်က  ကော်မတီဝင်များအနေဖြင့်ဖွံ့ဖြိုးတိုးတက်မှုနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကိုဟန်ချက်ညီညီထိန်းသိမ်းနိုင်ရန်၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် အကောင်အထည်ဖော်ဆောင်ရွက်မှုနှင့်အတူ ပတ်ဝန်းကျင်အပေါ်ထိခိုက်မှု အနည်းဆုံးဖြစ်စေရေးအတွက် လိုအပ် သောတားဆီးကာကွယ်ရေးလုပ်ငန်းများကို အလေးထားဆောင်ရွက်ပေးသွားကြရန်လိုအပ်ကြောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍသည် ကျယ်ပြန့်သောကြောင့် သန့်ရှင်းသော ပတ်ဝန်းကျင်နှင့်ကောင်းမွန်သော ဂေဟစနစ်များရရှိရန်အတွက် ထုတ်ပြန်ပြဋ္ဌာန်းထားပြီးဖြစ်သည့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်း လမ်းညွှန်ချက်များနှင့်အညီ အကောင်အထည် ဖော်ဆောင်ရွက်ရာမှာ သက်ဆိုင်ရာဆက်စပ်ဌာနများ၊ ပါဝင် ပတ်သက်သူများအားလုံးပူးပေါင်းညှိနှိုင်း ပေါင်းစပ်အကောင်အထည်ဖော် ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ တက်ရောက်လာသေ ာကော်မတီ ဝင်များနှင့်ဌာနဆိုင်ရာများအနေဖြင့် မိမိတို့ဌာနနှင့်သက်ဆိုင်သောကဏ္ဍအလိုက်ဆောင်ရွက်ရမည့် လုပ်ငန်းများတွင် စီမံချက်ပါလုပ်ငန်းများကို ထည့်သွင်းပေါင်းစပ်အကောင်အထည်ဖော် ဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း၊ ပတ်ဝန်းကျင်နှင့်သယံဇာတထိန်းသိမ်းကာကွယ်ရေးများကို ဦးစားပေးကဏ္ဍအနေဖြင့် လုပ်ဆောင်သွားရန်ကော်မတီ အစည်းအဝေးများမှ ဆွေးနွေးချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်များအား ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်းပြောကြားသည်။

ထို့နောက်ကော်မတီအတွင်းရေးမှူး၊ တိုင်းဒေသကြီးပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးဇော်မင်းအုန်းက ပတ်ဝန်း ကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီပထမအကြိမ်၊ ဒုတိယအကြိမ် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ဆဲ၊ ဆောင်ရွက်းစီးမှုနှင့် ရှေ့ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများအားရှင်းလင်းတင်ပြရာ ကော်မတီဝင်များက ပတ်ဝန်းကျင်နှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်/သိရှိလိုက်နာရမည့် အချက်များအား ရှင်းလင်းဆွေးနွေးခဲ့ကြပြီး ဆွေးနွေးတင်ပြချက်များအပေါ် တိုင်းဒေသကြီးသယံဇာတရေးရာဝန်ကြီးက ညှိနှိုင်းဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)