ကသာ ဇူလိုင် ၁၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း အမှတ်စဉ် (၁) ဆင်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲ (၂)နာရီအချိန်က ခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။
အဆိုပါ သင်တန်းဆင်းပွဲတွင် ကသာခရိုင်အသေးစား စက်မှုလက်မှုလုန်ငန်းဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးမင်းဆွေက အမှတ်စဉ် (၁)သင်တန်းကို ဇူလိုင်လ (၁၄) ရက်နေ့မှ (၁၇)ရက်နေ့အထိ ဖွင့်လှစ်ခဲ့ပြီး နိုင်ငံခြားမှ တင်သွင်းလာသော လူသုံးကုန်ပစ္စည်းများနေရာတွင် ပြည်တွင်းဖြစ် လူသုံးကုန်များဖြင့် အစားထိုးနိုင်ရန်၊ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းများထူထောင်ကြရန်၊ တစ်ဦးချင်း ဝင်ငွေတိုးပွားစေရန်၊ ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်၊ လူသုံးကုန် ထုတ်လုပ်မှုဆိုင်ရာ ဥပဒေညွှန်ကြားချက်များကို သိရှိနိုင်စေရန်ရည်ရွယ်၍ သင်တန်းများဖွင့်လှစ် ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်းနှင့် တစ်ပိုင်တစ်နိုင် ပြုလုပ်ရန်အတွက် မိမိတို့ဌာနအနေဖြင့် ပြင်ပကုမ္ပဏီများနှင့် ချိတ်ဆက်ကူညီဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း စသည်တို့ကို ပြောကြားပြီး သင်တန်းသား/ သင်တန်းသူများက သင်တန်းမှအတွေ့အကြုံများ၊ သင်တန်းကာလတစ်လျှောက် သင်ကြား ပို့ချပေးခဲ့ကြသော သင်တန်းဆရာ/ ဆရာမများအား ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
ထို့နောက် ကသာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စောကလျာက သင်တန်းသား/ သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များကိုလည်းကောင်း၊ ကသာခရိုင် အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ကေခိုင်မြင့်ဝင်းက လူသုံးကုန်ဆပ်ပြာအမျိုးမျိုးတို့ကို သင်တန်းသား/ သင်တန်းသူများကိုယ်စား သင်တန်းသားနှစ်ဦးထံ လွှဲပြောင်းပေးအပ်ခဲ့သည်။ လူသုံးကုန်ပစ္စည်း ထုတ်လုပ်မှုသင်တန်းတွင် ပန်းကန်ဆေးဆပ်ပြာရည်၊ အဝတ်လျှော်ဆပ်ပြာရည်၊ လက်ဆေးဆပ်ပြာရည်၊ ကိုယ်တိုက် ဆပ်ပြာရည်၊ ခေါင်းလျှော်ရည်၊ သဘာဝခေါင်းလျှော်ရည် (Herabl)၊ ရေချိုးဆပ်ပြာရည် (Herabl/ဓါတုနည်း)၊ ဆပ်ပြာခရင်၊ အမွှေးရည်၊ Scrub ပြုလုပ်နည်းနှင့် မျက်နှာသစ်ဆပ်ပြာပြုလုပ်နည်း (၁၁)မျိုးတို့ကို လက်တွေ့ပြုလုပ်သင်ကြားပို့ချခဲ့ကြောင်း သိရသည်။
ကျော်စွာ(ကသာ)