စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် စိုက်ပျိုးရေးနှင့် မွေးမြူရေးထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်ရေး ညှိနှိုင်းအစည်းအဝေး တက်ရောက်

မုံရွာ ဇူလိုင် ၁၈

စိုက်ပျိုးရေးနှင့်မွေးမြူရေးထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းတွင် စစ်ကိုင်းခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ စစ်ကိုင်းမြို့နယ်ရှိ စိုက်ပျိုးရေး၊မွေးမြူရေး လုပ်ငန်းရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က စိုက်ပျိုးရေးကဏ္ဍနှင့်မွေးမြူရေးကဏ္ဍ ကုန်ထုတ်လုပ်မှု တိုးမြှင့်ရေး၊ ကုန်ထုတ်လုပ်ငန်းများအလိုက် သွင်းအားစုများ ရရှိအောင် ဆောင်ရွက်ပေးသွားမည့် အခြေအနေနှင့် တောင်သူများအနေဖြင့် လျာထားချက် ဧကပြည့်မီအောင် စိုက်ပျိုးရေး၊  သီးထပ် စိုက်ပျိုးရေး၊ စိုက်ပျိုးရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင်လိုအပ်သည့် သဘာဝမြေသြဇာများ ရရှိရေးအတွက် မွေးမြူရေးလုပ်ငန်းများအား စနစ်တကျဆောင်ရွက်ကာ တိရိစ္ဆာန်များမှ ထွက်ရှိသည့် စွန့်ပစ်ပစ္စည်းများဖြင့် ဇီဝမြေသြဇာများ ထုတ်လုပ်ရေး၊ စိုက်ပျိုးသီးနှံအား လုံးပန်း တိုင်ထွက်နှုန်း ပြည့်မီစွာရရှိအောင် တာဝန်ရှိသူများအားလုံးမှ ကြိုးပမ်းဆောင်ရွက်ရေး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် စိုက်ပျိုး၊ မွေးမြူရေး ထုတ်ကုန်တိုးမြှင့်ထုတ်လုပ်ရန်အတွက် လိုအပ်ချက်များကို ဖြည့်ဆည်း ပေါင်းစပ်ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် စစ်ကိုင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ခရိုင်၏ စိုက်ပျိုးရေး၊ မွေးမြူရေး ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များအား လည်းကောင်း၊ ခရိုင် စိုက်ပျိုးရေးဦးစီးမှူးမှ စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းအခြေအနေများအားလည်းကောင်း၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်) ခရိုင်ဦးစီးမှူးမှ မြစ်ရေတင်လုပ်ငန်း အခြေအနေများအား လည်းကောင်း၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးမှ အသားနှင့် ဥဖူလုံစွာ မွေးမြူထုတ်လုပ်နိုင်ရေး ဆောင်ရွက်မည့် အခြေအနေများအား လည်းကောင်း၊ ငါးလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူးမှ ငါးရိက္ခာ ပြည့်ဝစွာ မွေးမြူနိုင်ရေး ဆောင်ရွက်မည့် အခြေအနေများအား လည်းကောင်း၊ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးမှ ညွှန်ကြားရေးမှူးမှ စိုက်ပျိုးရေးနှင့် မွေးမြူရေး ထုတ်ကုန်များတိုးမြှင့် ထုတ်လုပ်ရေးလုပ်ငန်း များနှင့် ပတ်သက်၍ ဖြည့်စွက်တင်ပြကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဒေသခံတောင်သူများထံ သီးနှံမျိုးစေ့များ၊ သဘာဝမြေသြဇာများ ထောက်ပံ့ပေးအပ်ခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က နိဂုံးချုပ်စကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဒေသခံတောင်သူများနှင့် အတူ ဆည်မြောင်းနှင့် ရေးအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနပြခန်း၊ မြေသြဇာပြခန်း၊ စိုက်ပျိုးရေးဦးစီးဌာန ပြခန်း၊ ငါးလုပ်ငန်းဦးစီးဌာနပြခန်း၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ပြခန်းများနှင့် လက်ဆွဲ မျိုးစေ့ချ ကိရိယာ (Drum Seeder) ဖြင့် စပါးမျိုးစေ့ချသရုပ်ပြနေမှုအား ကြည့်ရှုအားပေးခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းစက်မှုဇုန်ရှိ ဂရိတ် ယူနတီ ဓာတ်မြေသြဇာစက်ရုံသို့ ရောက်ရှိရာ စက်ရုံတာဝန်ခံမှ စက်ရုံ၏လုပ်ငန်း အခြေအနေများအား ရှင်းလင်းတင်ပြီး လုပ်ငန်းများဆောင်ရွက်နေမှု Video Click အား ပြသကာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရှင်းလင်း တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူ များနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ခဲ့သည်။

ဆက်လက်ပြီး တိုင်ဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဓာတ်မြေသြဇာ စက်ရုံအတွင်း ကုန်ကြမ်းများ စုဆောင်းထားရှိမှု၊ ခေတ်မီစက်ကြီးများဖြင့် အပူပေးကြိတ်ခွဲနေမှု၊ သဘာဝမြေသြဇာများအပြင် လိုအပ်သည့် အာဟာရများ ရောစပ်၍ ကြိတ်ခွဲနေမှု၊ ထုတ်ပိုးနေမှုများနှင့် ဓာတ်ခွဲခန်းတို့အား လိုက်လံကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး (ပြန်/ဆက်)