ချောင်းသာ ဇူလိုင် ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့အတွင်းရှိ ဆေးဆိုင်များအား ဆေးဝါးရောင်းချခြင်း၊ ဆေးသိုလှောင်ခြင်းနှင့် ပတ်သက်၍ အသိပညာပေး ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီ က ချောင်းသာမြို့၊ တိုက်နယ်ကျန်းမာရေးဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီး၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ တင်ထူးအောင်က အဖွင့် မိတ်ဆက်စကားပြောကြားပြီး ဆေးဝါးရောင်းချခြင်း၊ ဆေးသိုလှောင်ခြင်းနှင့် ပတ်သက်၍ ကောင်းမွန်သော ဆေးဝါးရောင်းချခြင်း ကျင့်စဉ်၊ ကောင်းမွန်သော ဆေးဝါးသိုလှောင်မှုကျင့်စဉ်များအကြောင်းကို အကျယ်တဝံ့ရှင်းလင်း ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တာဝန်ရှိသူများက ဆေးရောင်းချခွင့်လိုင်စင် လျှောက်ထားခြင်းနှင့် သတ်မှတ်အဆင့်အလိုက် ရောင်းချနိုင်သည့် ဆေးဝါးများအကြောင်း၊ အမျိုးသားဆေးဝါးဥပဒေနှင့် ထိန်းချုပ်ဆေးများ အကြောင်းအား ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသည့် ဆေးဆိုင်တာဝန်ရှိသူများ၏ ဆွေးနွေးမေးမြန်းမှုများကို ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
အဆိုပါ အသိပညာပေး ဆွေးနွေးပွဲသို့ ဧရာဝတီတိုင်းဒေသကြီး၊ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ တင်ထူးအောင်နှင့် တာဝန်ရှိသူများ၊ ချောင်းသာမြို့ တိုက်နယ်ကျန်းမာရေးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် ဆေးဆိုင်လုပ်ငန်းရှင် (၁၅)ဦးတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကျော်ကျော်(ပြန်/ဆက်)