ဇလွန်မြို့နယ်အတွင်းရှိ သက်ကြီးဘိုးဘွား (၁၀၆၃)ဦးအား လူမှုရေးပင်စင်ထောက်ပံ့

ဇလွန် ဇူလိုင် ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်အတွင်းရှိ အသက် (၈၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများအား လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ် ပထမသုံးလပတ် (ဧပြီ၊ မေ၊ ဇွန်) လများအတွက် လူမှုရေး ပင်စင်ထောက်ပံ့ပေးအပ်ပွဲကို ယနေ့ နံနက် ၁၁ နာရီတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ထိုသို့ထောက်ပံ့ပေးရာတွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဇလွန်မြို့နယ်အတွင်းရှိ အသက်(၈၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား တစ်လလျှင် ထောက်ပံ့ငွေကျပ် တစ်သောင်းနှုန်းဖြင့် သုံးလတစ်ကြိမ် ထောက်ပံ့ပေးအပ်လျက်ရှိရာ ယခုအခါ ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ် ပထမသုံးလပတ် (ဧပြီ၊ မေ၊ ဇွန်) လ များအတွက် ထောက်ပံ့ပေးအပ်ခြင်းဖြစ်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁) ဗိုလ်မှူး ဝင်းလွင်ဦးနှင့် တာဝန်ရှိသူများ၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်လဲ့လဲ့မိုးတို့က အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား (၁၀၆၃) ဦးအတွက်တစ်ဦးလျှင် သုံးသောင်းကျပ်နှုန်းဖြင့် စုစုပေါင်း ထောက်ပံ့ငွေကျပ်သိန်း (၃၁၈၉၀၀၀၀)ကို သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများအား ပေးအပ်ခဲ့ပြီး ရပ်/ကျေးအုပ်ချုပ်ရေးမှူးများမှ လူမှုရေးပင်စင်ရရှိသူ ဘိုးဘွားများထံသို့ တစ်ဆင့် ပြန်လည်ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဝေယံ-ဇလွန်(ပြန်/ဆက်)