ပခုက္ကူ ဇူလိုင် ၁၈
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက်(၁၁)နာရီက ပခုက္ကူမြို့၊ အမှတ်(၁)အခြေခံပညာကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ချိုချိုမာက ဟောပြောပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်များအကြောင်းကို ရှင်းလင်းပြောကြားပြီး (၇၆)နှစ်မြောက် အာဇာနည်နေ့နှင့်ပတ်သက်သော ဆောင်ပုဒ်၊ ကဗျာနှင့် အကြောင်းအရာများ၊ အာဇာနည်ဖြစ်ပေါ်လာသည့် သမိုင်းကြောင်းများ၊ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ အတ္ထုပ္ပတ္တိနှင့် နိုင်ငံ့လွတ်လပ်ရေးအတွက် ဆောင်ရွက်ခဲ့ပုံအဆင့်ဆင့်၊ အာဇာနည်ခေါင်းဆောင်ကြီးများဖြစ်ကြသည့် သခင်မြ၊ ဦးဘချို၊ မန်းဘခိုင်၊ မိုင်းပွန်စော်ဘွားကြီးစဝ်စံထွန်း၊ ဆရာကြီးဦးရာဇတ်၊ ဦးဘဝင်းနှင့် ရဲဘော် ကိုထွေးတို့၏ ဘဝဖြစ်စဉ်နှင့် နိုင်ငံရေးဆောင်ရွက်ချက်များအကြောင်းတို့ကို စိတ်ဝင်စားဖွယ် ရှင်းလင်းဟောပြောသည်။
အဆိုပါဟောပြောပွဲတွင် ပခုက္ကူမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ကြီးနှင့်ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြပြီး အာဇာနည်နေ့နှင့်ပတ်သက်သည့် ဉာဏ်စမ်းပဟေဠိမေးခွန်းများ မေးမြန်းကာ အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)