မင်းဘူး(စကု)မြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ငွေကျပ်သန်းပေါင်း (၃၄၆) ဒဿမ (၃၅) ကျပ်သန်း ထုတ်ချေးပေး

မင်းဘူး ဇူလိုင် ၁၈

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ဒေသတွင်း စီးပွားရေးကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် နိုင်ငံ့စီးပွာမြှင့်တင်ရေးရန်ပုံငွေမှ ငွေကျပ်သန်းပေါင်း (၃၄၆) ဒဿမ (၃၅) ကျပ်သန်းကို ယမန်နေ့နံနက် ၁၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ထုတ်ချေး ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ချေးငွေပေးအပ်ပွဲ အခမ်းအနားတွင် မင်းဘူးခရိုင်၊ နိုင်ငံ့စီးပွာမြှင့်တင်ရေးရန်ပုံငွေ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက ချေးငွေများ ထုတ်ပေးရခြင်းနှင့်ပတ်သက်၍ နိုင်ငံတော်မှ သတ်မှတ်ထားသော စည်းကမ်းချက်များကို ရှင်းလင်းပြောကြားပြီးနောက် လုပ်ငန်းရှင်များထံ ချေးငွေများကို လက်ဝယ်အရောက် ပေးအပ်ခဲ့ကြသည်။

ထိုသို့ထုတ်ချေးပေးရာတွင် မင်းဘူး(စကု)မြို့နယ်၌ စိုက်ပျိုးရေးကဏ္ဍတွင် မိုးစပါး မျိုးစေ့ထုတ် တောင်သူ (၈) ဦး၊ ဆိုလာမြစ်ရေးတင်လုပ်ငန်းမှ စိုက်ပျိုးရေးလုပ်ကိုင်သူ (၂) ဦးနှင့် ရိတ်သိမ်းချွေလှေ့စက်လုပ်ငန်း လုပ်ကိုင်သူ (၁) ဦးဖြင့်  လုပ်ငန်းရှင်ပေါင်း (၁၁) ဦးအား ချေးငွေ (၁၆၃) ဒဿမ (၂၅) ကျပ်သန်း၊ မွေးမြူရေးကဏ္ဍတွင် ကျွဲ၊ နွား၊ ဆိတ်၊ ဝက်၊ ကြက် မွေးမြူရေးလုပ်ငန်းမှ လုပ်ငန်းရှင်ပေါင်း (၇) ဦးအား ချေးငွေ (၈၃) ဒဿမ (၁၀) ကျပ်သန်းနှင့် MSMEs ကဏ္ဍတွင် ဆန်စက်နှင့် ဆီစက်လုပ်ငန်းလုပ်ကိုင်သည့် အလတ်စားနှင့်အကြီးစား စီးပွားရေးလုပ်ငန်းရှင် (၂) ဦးအား ချေးငွေ (၁၀၀) ကျပ်သန်းဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှုနှင့် MSMEs လုပ်ငန်းရှင်ပေါင်း (၂၀) ဦးအား စုစုပေါင်း ချေးငွေ (၃၄၆) ဒဿမ (၃၅) ကျပ်သန်းတိတိကို သတ်မှတ်စည်းကမ်းချက်များနှင့်အညီ သက်သာသော အတိုးနှုန်းထားဖြင့် စနစ်တကျထုတ်ချေးပေးခဲ့ကြောင်း မင်းဘူး(စကု)မြို့နယ် နိုင်ငံ့စီးပွာမြှင့်တင်ရေးရန်ပုံငွေ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင်ကပြောသည်။

အဆိုပါ ချေးငွေများအား ငွေကျပ် (၁၀၀) ကို ပြား(၇၀) အတိုးနှုန်းထားဖြင့် ထုတ်ချေးပေးခဲ့ပြီး ချေးငွေပြန်လည်ပေးစပ်ချိန် သတ်မှတ်ကာလမှာ  စိုက်ပျိုးရေးကဏ္ဍတွင် ရာသီသီးနှံဖြစ်ပါက (၁) နှစ်၊ မွေးမြူရေးကဏ္ဍတွင် ကျွဲ၊ နွား ဖြစ်ပါက (၃) နှစ်၊ အခြားတိရစ္ဆာန် ဖြစ်ပါက (၁) နှစ်၊ MSMEs ကဏ္ဍတွင် (၃)နှစ်ဟူ၍ အသီးသီးသတ်မှတ်ပေးထားပြီး သတ်မှတ် အတိုးနှုန်းထားနှင့် အရစ်ကျငွေများကို (၆) လတစ်ကြိမ် လုပ်ငန်းအမျိုးအစားပေါ်မူတည်၍ ပြန်လည်ပေးဆပ်ရမည်ဖြစ်ကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

မောင်မောင်(မင်းဘူး)