ပေါက်ခေါင်း ဇူလိုင် ၁၈
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်းဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းရေးဆွဲခြင်း (VDP)နှင့်ရန်ပုံငွေသုံးစွဲနည်းသင်တန်းကို ယမန်နေ့ကကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင်ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးသူမောင်က အဖွင့်အမှာစကားနှင့်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခိုင်ခင်မြဝင်းက သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပက်သက်၍ ရှင်းလင်းပြောကြားသည်။ ယင်းနောက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စည်ပင်အမှုဆောင်အရာရှိ ဦးမင်းအောင်၊ ကျေးလက်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခိုင်ခင်မြဝင်းနှင့် မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာနမြို့နယ် ဦးစီးမှူး ဒေါ်ခင်နီနီထွေးတို့က သင်တန်းသား၊ သင်တန်းသူများအား ခေါင်းဆောင်မှုအဆင့်လက်စွဲစာအုပ်၊ ကျေးရွာစိတ်ဓာတ် ဗီနိုင်းပိုစတာများနှင့် သင်တန်းအထောက်ကူပြုပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်။
အဆိုပါကျေးရွာဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေ(VDP)ဖြင့် မြို့နယ်အတွင်းကျေးရွာ(၉)မှ ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်မည်ဖြစ်ပြီး၊ ယနေ့ ရန်ပုံငွေသုံးစွဲနည်းသင်တန်းတွင် သင်တန်းသား၊ သင်တန်းသူ ၁၈ ဦးတက်ရောက်ခဲ့ပြီး၊သင်တန်းကာလ ၅ ရက်ကြာသင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။
သန်းထွန်းအောင်(ပြန်/ ဆက်)