ဇီးကုန်း ဇူလိုင် ၁၈
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာအုပ်စာစောင်၊ နံရံကပ်စာစောင်ပြပွဲနှင့် စာစီစာကုံးပြိုင်ပွဲကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး (Community Centre)၌ ယမန်နေ့ နေ့လယ်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမြို့နယ်ဦးစီးအရာရှိ ဒေါ်မာမာဦးက အာဇာနည်နေ့အကြောင်း၊ အာဇာနည်ခေါင်းဆောင်(၉)ဦး၏အတ္ထုပ္ပတ္တိနှင့် အခမ်းအနား ကျင်းပ ပြုလုပ်ရခြင်းကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ခင်းကျင်းပြသထားသော စာအုပ်စာစောင် များနှင့် နံရံကပ်စာစောင်များအား မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက ကြည့်ရှုလေ့လာခဲ့ကြသည်။
ဆက်လက်၍ စာစီစာကုံးပြိုင်ပွဲအား “ဒို့များမမေ့နိုင် ၁၉ ဇူလိုင်” ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်ရာ အ.မ.က(ဂုံးလမ်း)ကျောင်းမှ ကျောင်းသား ကျောင်းသူများက ယှဉ်ပြိုင်ခဲ့ကြပြီး ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများကို မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မြတ်ကေခိုင်နှင့် တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
တင့်ဆွေ(ပြန်/ဆက်)