အထက (သမိန်ထော)ကျောင်း၌ (၇၆) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိ ပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသဆောင်ရွက်

ဖျာပုံ ဇူလိုင် ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ သမိန်ထောကုန်းတန်းကျေးရွာ၊ အ.ထ.က (သမိန်ထော) ကျောင်း၌ (၇၆) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင် ပြသဆောက်ရွက်ခြင်းကို ဖျာပုံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံ ပညာဦးစီးဌာနနှင့် ဖျာပုံမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အာဇာနည် ခေါင်းဆောင်ကြီးများ၏ ကိုယ်ကျိုးစွန့်အနစ်နာခံ ကြိုးပမ်းဆောင်ရွက်ချက်များအား နားလည် သဘောပေါက် အတုယူအားကျစေရန် ရည်ရွယ်၍ အသိပညာပေး ဟောပြောခြင်း၊ နံရံကပ် စာစောင်ပြသခြင်းကို ယမန်နေ့ နံနက်(၁၁)နာရီခွဲအချိန်က ဖျာပုံမြို့နယ် အထက (သမိန်ထော)ကျောင်း အနန္ဒဂုဏ်ရည်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အသိပညာပေး ဟောပြောပွဲတွင် ဖျာပုံမြို့နယ် အထက (သမိန်ထော) ကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးအောင်ကျော်ဦးက အဖွင့်အမှာစကား ပြောကြားပြီး ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မာမာလွင်က "အာဇာနည်နေ့ ဖြစ်ပေါ်လာပုံ၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ လွတ်လပ်ရေး ရရှိရန် ကြိုးပမ်းဆောင်ရွက်မှုများအား အသိပညာပေး ဟောပြောခဲ့သည်။

ဆက်လက်၍ ဖျာပုံမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်အားကစားမှူး ဒေါ်နွယ်နွယ်လှိုင်က အနာဂတ်လူငယ်များဖွံ့ ဖြိုးတိုးတက်ရေးဆိုင်ရာ များတွင် လူငယ်များအနေဖြင့် ကျောင်းပညာရေးအပြင် အားကစားကဏ္ဍ အထူးလေ့လာ လိုက်စားစေလိုကြောင်း၊ သို့မှသာ ကျန်းမာကြံ့ခိုင်ပြီး ထူးချွန် ထက်မြက်သော အားကစားသမားကောင်းများ ဖြစ်လာမည်ဖြစ်ကြောင်း အသိပညာပေး ဟောပြောသည်။ ထို့နောက် အထက(သမိန်ထော) ကျောင်းအုပ် ဆရာကြီး ဦးအောင်ကျော်ဦးက နိဂုံးချုပ်ကျေးဇူးတင်စကား ပြောကြားသည်။ ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများအား (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်း အမှတ် အသိပညာပေး နံရံကပ်စာစောင်အား ပြသရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြကြောင်း သိရသည်။

အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)