တမူးမြို့တွင် ဒေသထွက်နာနတ်သီးများ ဈေးကောင်းရ၍ ရောင်းချသူများအဆင်ပြေ

တမူး ဇူလိုင် ၁၈

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် ဒေသထွက်ရာသီစာ သီးနှံဖြစ်သည့် နာနတ်သီးများ စတင် ခူးဆွတ်ရောင်းချနေကြပြီဖြစ်ပြီး ဈေးကောင်းရ၍ ရောင်းချသူ များ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

နာနတ်သီးများကို ဇူလိုင်လတွင် စတင်ခူးဆွတ်ရပြီး သြဂုတ်လတွင် အများဆုံးထွက်ရှိကာ ကျန်းမာရေးနှင့် ညီညွတ်ပြီး လတ်ဆတ်စွာ စားသုံးရတာကြောင့် ဒေသ​နေပြည်သူများ နှစ်ခြိုက်စွာ စားသုံး​​ကြ​ကြောင်း၊ လက်ရှိအချိန်တွင် နာနတ်သီးများ လှိုင်လှိုင်မပေါ်သေးသည့်အတွက် စိုက်ခင်းများဆီမှ အရောက်ပို့ စနစ်ဖြင့်  တစ်လုံး (၁၇၀၀) ကျပ်ဖြင့် ဝယ်ယူပြီး (၂ဝဝဝ) ကျပ်ဖြင့် ရောင်းချရကြောင်း ရာသီဥတုကောင်းမွန်သည့် ရက်တွေဆိုလျှင် အလုံး (၁၀၀) ဝန်းကျင် ရောင်းချရကြောင်း နာနတ်သီးရောင်းချသူများထံမှ  သိရသည်။

ဩဂုတ်လ နာနတ်သီးများ လှိုင်လှိုင်ပေါ်ချိန်တွင် ကလေး၊ ကလေးဝ စသည့်မြို့များသို့ သွားရောက်ရောင်းချသူများရှိသလို အဆိုပါမြို့များမှ ဈေးသည်များ အနေဖြင့်လည်း အခင်းပြတ် လာရောက်ဝယ်ယူသူများလည်းရှိကြောင်း သိရသည်။

နာနတ်သီးများကို မြို့နယ်အတွင်းရှိ ခါမ်းပါတ်မြို့ အမှတ်(၁)ရပ်ကွက်၊ အမှတ်(၄)ရပ်ကွက်နှင့် ကနန်ကျေးရွာ၊ ဘုက္ကန်ကျေးရွာတို့တွင် အဓိကစိုက်ပျိုးကြပြီး တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြသူများ ရှိသလို အပင်သောင်းချီ​ဖြင့် စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြသူများလည်းရှိကြကြောင်း သိရသည်။

ရတနာ