ကလိန်အောင်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (၇၆) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ စာအုပ်စာစောင် ပြသ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲများကျင်းပ

ကလိန်အောင် ဇူလိုင် ၁၇

၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့တွင် ရောက်ရှိမည့် (၇၆) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲ၊ နံရံကပ်စာ‌စောင်နှင့် ဓာတ်ပုံပြပွဲများကို တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ယနေ့ မွန်းလွဲ (၁) နာရီက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒု-ဦးစီးမှူး (တာဝန်ပေး) ဒေါ်‌ခင်ခင်လဲ့က ကျောင်းသား ကျောင်းသူများအနေဖြင့် "နေ့ထူးနေ့မြတ် ရက်များကို သိရှိစေရန်နှင့် တန်ဖိုးထားတတ်စေရန်၊ အာဇာနည်နေ့ဖြစ်ပေါ်လာပုံ သမိုင်းအကြောင်းအရာများနှင့် ပတ်သတ်၍ အသိပညာ ပေးဟောပြောပြီး စာအုပ်စာစောင်ပြပွဲ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲများ ကျင်းပပြုလုပ် ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားကြောင်း သိရသည်။

ထို့နောက် အသိပညာပေး နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲများပြသထားပြီး စာအုပ်စာစောင်များကိုလည်း ခင်းကျင်းပြသထားရာတွင် အာဇာနည်ခေါင်းဆောင် ကြီးများ၏ အတ္ထုပ္ပတ္တိ၊ မြန်မာ့လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ သမိုင်းဝင်မှတ်တမ်းများနှင့် မိန့်ခွန်းကောက်နှုတ်ချက်များ၊ ဗိုလ်ချုပ်အောင်ဆန်း အမှတ်တရစကားများ၊ အာဇာနည် (၉) ဦး သမိုင်းအကြောင်းအရာများနှင့် အသိပညာပေး စာအုပ်စာစောင်များကို ခင်းကျင်းပြသ ထားရာတွင် ကျောင်းသား ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြပြီး သိရှိလိုသည့်များအား မေးမြန်းရာ ဒု-ဦးစီးမှူး (တာဝန်ပေး) က ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြောင်း သိရသည်။

ခင်ခင်လဲ့