ငဖဲမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲကျင်းပ

ငဖဲ ဇူလိုင် ၁၈

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် အခြေခံပညာအထက်တန်းကျောင်း ဗိုလ်ရွှဲခန်းမတွင် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ငဖဲမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မာမာအေးက (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ ကျင်းပဆောင်ရွက်ရခြင်းနှင့် ပတ်သက်၍ အဖွင့်အမှာစကားပြောကြားပြီး အထက်တန်းပြဆရာမ ဒေါ်ပပဝင်းက အာဇာနည်အဓိပ္ပါယ်၊ မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းမှတ်တမ်းများ၊ (၇၆)နှစ်မြောက် အာဇာနည်နေ့ဖြစ်ပေါ်လာပုံ အကြောင်းအရာများနှင့်  အထက်တန်းပြဆရာ ဦးမျိုးဝင်းက ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီး (၉)ဦး၏ အထ္ထူပ္ပတ္တိများနှင့် မျိုးချစ်စိတ်ဓါတ်ရှင်သန်ထက်မြက်ရေး အကြောင်းအရာကို အသိပညာပေး ဆွေးနွေးဟောပြောခဲ့သည်။

ငဖဲမြို့နယ်အတွင်း ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အာဇာနည်နေ့ဖြစ်ပေါ်လာပုံ အကြောင်းအရာများကို သိရှိစေရန်၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်အပေါင်းတို့၏ မျိုးချစ်စိတ်ဓါတ်၊ မြင့်မြတ်သောစိတ်ထား၊ တိုင်းပြည်အပေါ်စေတနာမှန်ဖြင့် လွတ်လပ်ရေးရရန် ကြိုးပမ်းခဲ့ကြသည့် အာဇာနည်တို့၏ ဂုဏ်ရည်ကို အစဉ်အမြဲအောက်မေ့သတိရပြီး တန်ဖိုးထားလေးစား မြတ်နိုးတတ်စေရန်နှင့် မျိုးချစ်စိတ်ဓါတ်နှင့် ပြည်ထောင်စုစိတ်ဓါတ်များ ထာဝစဉ် ရှင်သန်ထက်မြက်စေရန်ရည်ရွယ်၍ ဟောပြောပွဲများ၊ စာစီစာကုံး၊ ကဗျာနှင့်ပန်းချီဆွဲပြိုင်ပွဲများကို အခြေခံပညာကျောင်းများတွင် ကျင်းပပြုလုပ်ပေးလျက် ရှိကြောင်း  သိရသည်။

မယု(ငဖဲ)