အမာ ဇူလိုင် ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၌ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် မြို့အဆင့် ဌာနဆိုင်ရာများစုပေါင်း၍ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ ဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် (၁၀)နာရီက အခြေခံပညာအထက်တန်းကျောင်း၊ ရတနာဆောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဦးစွာ အမာမြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးပြည့်စုံဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်ချယ်ရီထွန်းက ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်မှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပြီး ဂုဏ်ထူးရ ထူးချွန်ကျောင်းသား၊ ကျောင်းသူများအား ဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။ အထက(အမာ) စာစစ်ဌာနမှ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဖြေဆိုသူ(၇၅)ဦးရှိပြီး အောမြင်သူ (၅၂)ဦးရှိကြောင်း၊ အောင်ချက်ရာနှုန်းအားဖြင့် ၆၈.၄၂ ရာခိုင်နှုန်း အောင်မြင်ခဲ့ကြောင်းနှင့် (၄)ဘာသာဂုဏ်ထူးရှင် (၁)ဦး၊ (၂)ဘာသာဂုဏ်ထူးရှင် (၇)ဦး၊ (၁)ဘာသာဂုဏ်ထူး ရှင်(၁၃)ဦး ရရှိခဲ့သော ကျောင်းသား၊ ကျောင်းသူ (၂၁)ဦးအား ထူးချွန်ဆုများချီးမြှင့်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ အမာမြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးပြည့်စုံဝင်းနှင့် မြို့အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ ဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူများ၊ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။
အမာ(ပြန်/ဆက်)