လိပ်သို ဇူလိုင် ၁၇
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ စာဖတ်ရှိန်မြှင့်တင်ရေး Book Club အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ ဘ၀နေတတ်မှုအနုပညာ စာအုပ်မှ စာရေးဆရာ မောင်ကျေးဇူး၏ “ပညာရေးပျိုးထောင်မှုအနုပညာ” ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်း ဆောင်ရွက်ခြင်းကို ယနေ့ မွန်းလွဲ ၁ နာရီ အချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က စာဖတ်ဝိုင်းပြုလုပ်ခြင်းဖြင့် စာပေဖတ်ရှုသည့်အလေ့အကျင့်များ ရရှိစေခြင်း၊ စာပေဖတ်ရှုခြင်းကြောင့် အသိအမြင်ဗဟုသုတတိုးပွားစေခြင်း၊ တစ်ဦးနှင့်တစ်ဦး အတွေးအခေါ်အယူအဆများကို နှီးနှောဖလှယ်နိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်းနှင့် စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ Book Club အဖွဲ့ဝင် မချစ်သုဝေက “ပညာရေးပျိုးထောင်မှု အနုပညာ” ခေါင်းစဉ်နှင့်ပတ်သက်၍ “ပညာရေး ဆိုသည်မှာ တိုးတက်ကြီးပွားဖြစ်ထွန်းစေကြောင်း၊ အားခွန်ဗလ အဟာရပြည့်၀အောင် ပြုစုပျိုးထောင်ရန် ဖြစ်ပါကြောင်း၊ ပညာရေးကို အသက်ရှင်နေသရွေ့ စဉ်ဆက်မပြတ် တိုးတက်ဖြစ်ထွန်းစေရမည် ဖြစ်ကြောင်း၊ ပညာရေး ကိုအသုံးချ၍ လက်ရှိဘ၀မှာ ကိုယ်ဖြစ်လိုသောဘ၀သို့ ကြီးပွားတိုးတက် ဖြစ်ထွန်းအောင်လုပ်ဖို့လိုကြောင်း” တို့ကိုလည်းကောင်း ဆွေးနွေးခဲ့ရာ တက်ရောက် လာသည့် စာပေဝါသနာရှင်များက အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
စာရေးဆရာ မောင်ကျေးဇူး၏ “ဘ၀နေတတ်မှုအနုပညာ” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခြင်းကြောင့် လူ့ဘ၀မှာအနေတတ်အောင် စိတ်နေသဘောထား ဖြောင့်မတ် မှန်ကန်အောင်၊ တွေးခေါ်ယူဆတတ်အောင်၊ သဘာ၀အလှအပကို ခံစားတတ်အောင်၊ ရှေးပညာရှိတို့၏ လမ်းညွှန်စကားများ ခံယူကျင့်သုံးတတ် အောင်စသဖြင့် ပန်းအမျိုးအစားစုံ၊ အရောင်အသွေးစုံ ပန်းခြင်းလှလှနှင့်တူသလို ဗဟုသုတ ဟင်းလေးအိုးဟုလည်း ဆိုနိုင်ပါကြောင်း အသိပညာဗဟုသုတ အနေဖြင့် သိရှိခွင့်ရမည်ဖြစ်ကြောင်း သိရသည်။
ခင်လေးနွယ်