ကျိုက်လတ် ဇူလိုင် ၁၇
၂၀၂၃ ခုနှစ်၊ ဇူလိုင်လ(၁၉) ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ယနေ့ နံနက်(၁၀)နာရီက Book Club နှင့် ပူးပေါင်း၍ "အာဇာနည်နေ့အကြောင်း သိကောင်း စရာ" Talk Show ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ရီရီမြင့်က Talk Show ကျင်းပ ပြုလုပ်ရခြင်းအကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး Book Club အဖွဲ့ဝင် အငြိမ်းစား အလယ်တန်းပြ ဆရာမ ဒေါ်သန်းသန်းအေးက မြန်မာနိုင်ငံကို နယ်ချဲ့အင်္ဂလိပ်တို့က ကျူးကျော်စစ် သုံးကြိမ်ဆင်နွှဲ၍ သိမ်းယူခဲ့သဖြင့် မြန်မာနိုင်ငံသည် နယ်ချဲ့တို့၏ လက်အောက်သို့ ကျရောက်ခဲ့ရ ကြောင်း၊ ထို့ကြောင့် သူ့ကျွန်လက်အောက်မှ လွတ်မြောက်နိုင်ရေးအတွက် မျိုးချစ်စိတ်ဓာတ် ပြင်းထန် သည့် ခေါင်းဆောင်များက နည်းလမ်းပေါင်းစုံ အသုံးပြု၍ မြန်မာနိုင်ငံကို လွတ်လပ်ရေး ပြန်လည် ရရှိအောင် ကြိုးစားဆောင်ရွက်ခဲ့ကြကြောင်း၊ ထိုသို့ကြိုးစားနေစဥ်ကာလ ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ရန်ကုန်မြို့ အတွင်းဝန်များရုံး၌ ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော ဝန်ကြီးများ ဘုရင်ခံ၏ အမှုဆောင်အစည်းအဝေး ပြုလုပ်နေစဥ် နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် မသမာသူ လူတစ်စု၏ လုပ်ကြံသတ်ဖြတ်မှုကြောင့် ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် အာဇာနည် ခေါင်းဆောင်ကြီး (၉)ဦး ကျဆုံးခဲ့ရခြင်းကြောင့် ဇူလိုင်လ(၁၉)ရက်နေ့ကို အာဇာနည်နေ့အဖြစ် သတ်မှတ်ခဲ့ကြောင်းတို့ကို ဆွေးနွေးခဲ့သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ စာပေအသိပညာနှင့် ပြင်ပအသိပညာ ဗဟုသုတများ တိုးပွားစေရေးအတွက် ဌာနဆိုင်ရာများနှင့် လူမှုရေး အသင်းအဖွဲ့များကို ဖိတ်ခေါ်၍ အွန်လိုင်းစနစ်ဖြင့် အသိပညာပေး ဆွေးနွေးပွဲများကို စီစဉ်ကျင်းပဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကျိုက်လတ်(ပြန်/ဆက်)