ပခုက္ကူ ဇူလိုင် ၁၇
ပညာရေးဝန်ကြီးဌာန၊ အဆင်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၌ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က အဆိုပါ တက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပခုက္ကူတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်က အဖွင့်အမှာစကားပြောကြားပြီး သမိုင်းဌာန၊ ပါမောက္ခ(ဌာနမှူး) ဒေါက်တာခင်ဖြူဖြူသန်းက “ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပြည်ထောင်စုကြီးထာဝရ ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ဝိုင်းဝန်းကြိုးပမ်းလှုပ်ရှား ဆောင်ရွက်ခဲ့ကြသည့် ဗိုလ်ချုပ်အောင်ဆန်း အပါအဝင်အာဇာနည် ပုဂ္ဂိုလ်ကြီးများအား အစဉ်အမြဲအောက်မေ့သတိရပြီး တန်ဖိုးထားလေးစားမြတ်နိုးတတ်စေရန်၊ ပြည်ထောင်စုကြီးအတွင်းရှိ တိုင်းရင်းသားမျိုးနွယ်စုတိုင်း၏စာပေ၊ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းအစဉ်အလာများကို တန်ဖိုးထားထိန်းသိမ်း ကာကွယ် စောင့်ရှောက်တတ်စေရန်၊ မျိုးချစ်စိတ်ဓာတ်နှင့် ပြည်ထောင်စုစိတ်ဓာတ်များ ထာဝရစဉ်ရှင်သန် ထက်မြက်စေရန်ရည်ရွယ်၍ ဟောပြောပွဲနှင့်ဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲကျင်းပ ပြုလုပ်ပေးခြင်းဖြစ်ကြောင်း” ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ပခုက္ကူတက္ကသိုလ်၊ သမိုင်းဌာနမှ တွဲဖက်ပါမောက္ခ ဒေါက်တာအောင်အောင်လှက “အာဇာနည်နေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းနှင့် ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည် ခေါင်းဆောင်ကြီးများ၏ အတုယူဖွယ်၊ မှတ်သား လိုက်နာဖွယ်ရာအချက်များ၊ အာဇာနည်ခေါင်းဆောင်များ၏ လွတ်လပ်ရေးရရှိရန် ကြိုးပမ်းဆောင်ရွက်မှုများနှင့် အာဇာနည်နေ့ အထိမ်းအမှတ်ဆိုင်ရာ အကြောင်းအရာများကို” အသိပညာပေး ရှင်းလင်းဟောပြောပြီး အာဇာနည်နေ့နှင့် ပတ်သက်သည့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲတွင် ဘာသာရပ်ဌာနအသီးသီးမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက ဝင်ရောက် ယှဉ်ပြိုင်ကြသည်။
ထို့နောက် ပခုက္ကူတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်နှင့် ဒုတိယပါမောက္ခချုပ်များ၊ ဘာသာရပ်ဌာနများမှ ပါမောက္ခ(ဌာနမှူး)များက (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် ကျင်းပပြုလုပ်သော ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ စာစီစာကုံး၊ ကဗျာနှင့် ဆောင်းပါးပြိုင်ပွဲတို့တွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဆုများအသီးသီးပေးအပ်ချီးမြှင့်ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)