ဝါးခယ်မမြို့နယ်တွင် မြို့နယ်လုံးဆိုင်ရာ "ဦးနုနှလုံးသား" ဓမ္မစကူးလ်သင်တန်းကျောင်း ဖွင့်ပွဲအခမ်းအနားကျင်းပ

ဝါးခယ်မ ဇူလိုင် ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် သကျမဟာသီရိဘုရားကြီးဝန်းအတွင်း၌ ယမန်နေ့ နံနက် ၉ နာရီအချိန်က မြို့နယ်လုံးဆိုင်ရာ "ဦးနုနှလုံးသား" ဓမ္မစကူးလ်သင်တန်းကျောင်း ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဓမ္မစကူးလ်သင်တန်းကျောင်း ဖွင့်ပွဲအခမ်းအနားသို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမျိုးဇော်သန်း၊ သာသနာရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသူရ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြပြီး "နမောတဿ" သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ် ခဲ့ကြောင်း သိရသည်။ ဆက်လက်၍ ဆရာတော်ကြီးများထံမှ ငါးပါသီလခံယူဆောက်တည်ပြီး ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမျိုးဇော်သန်းမှ သာသနာရေးဆိုင်ရာကိစ္စရပ်များအား လျှောက်ထားခြင်း၊ သင်တန်းသား၊ သင်တန်းသူများအား သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်း၊ အခမ်းအနား တက်ရောက်လာသည့် သင်တန်းသား၊ သင်တန်းသူများအား အဟာရဒါန အဖြစ် ကြာဇံကြော်များ ကျွေးမွေးခြင်းနှင့် "ဦးနုနှလုံးသား" ဓမ္မစကူးလ်သင်တန်းကို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း နေ့လယ် ၁၂ နာရီမှ မွန်းလွဲ ၂ နာရီထိ အပတ်(၂၀) သင်ကြား ပို့ချမည်ဖြစ်ရာ သင်တန်းသား၊ သင်တန်းသူ (၄၀၀)ဦးခန့် တက်ရောက်သင်ကြားမည်ဖြစ်ကြောင်း သိရသည်။

ဟိန်းထက်လင်း(ပြန်/ဆက်)