လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မှု

လှိုင်းဘွဲ၊     အောက်တိုဘာလ ၁၃

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနသည် ဒေသအသီးသီးတွင် ဒေသဖွံ့ဖြိုးရေးအတွက် လမ်း/တံတားများ တည်ဆောက်ခြင်း၊ ရေတွင်း/ရေကန်များ တူးဖော်ပေးခြင်း၊ လျှပ်စစ်မီးအခက်အခဲရှိသည့် ကျေးရွာများတွင် ဆိုလာပါဝါ စနစ် ထောက်ပံ့ပေးခြင်း၊ တန်ဖိုးနည်း ဝန်ထမ်းအိမ်ရာ တည်ဆောက်ခြင်း လုပ်ငန်းများကို ဘဏ္ဍာနှစ် အလိုက် အကောင်အထည်ဖော် ဆောင်ရွက်ပေး လျက်ရှိသည်။
ထိုသို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် အတွင်းရှိ ကမော့လဲ-ကြာအင်းလမ်းကို ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် မြေသားလမ်း (၇)မိုင်/(၂)ဖာလုံ၊ ကျောက်လမ်း (၇)မိုင်/(၂)ဖာလုံ၊ ကွန်ကရစ်တံတား (၄၀)ပေ တစ်စင်း၊ (၂၀)ပေ တစ်စင်း၊ (၁၂)ပေ ခုနစ်စင်းနှင့် ရေပြွှန် (၃၁)ခုတို့ ဆောင်ရွက်ခဲ့ပြီး ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် (၁)မိုင်/(၂)ဖာလုံ ဆောင်ရွက်ပေးခဲ့ရာ စုစုပေါင်းငွေကျပ်(၁၂၃၃.၅၆၆)သန်းဖြင့် ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ပါသည်။
အဆိုပါ ကမော့လဲ-ကြာအင်းလမ်းအား နယ်စပ်ရေးရာဝန်ကြီးဌာန (ပြည်ထောင်စု) ရန်ပုံငွေဖြင့် ကတ္တရာထပ်ပိုးလွှာ (၁)မိုင်/(၄)ဖာလုံနှင့် လှိုင်းဘွဲ-ရှမ်းရွာသစ်သွား ကတ္တရာ လမ်းမှ ကြာအင်းရွာအထိ (၇)ဖာလုံ ကတ္တရာခင်းခြင်း အတွက် တန်ဖိုးငွေကျပ် (၂၈၇.၀၈၁)သန်းဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာ နှစ်တွင် အပြီးသတ် ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးမှုကြောင့် လှိုင်းဘွဲမြို့နယ်အတွင်းရှိ ကျေးရွာများအနေဖြင့် ဒေသစီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးဘက်စုံဖွံ့ဖြိုး တိုးတက်လာပြီး မြို့ပြနှင့်ကျေးလက်လူမှု ဆက်ဆံရေးအားကောင်းစေပြီး အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း လှိုင်းဘွဲမြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ် ရေးရုံးမှ သိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)