ပေါင်းတည်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ဌာနဆိုင်ရာဝန်ထမ်းများအား အီလက်ထရောနစ်မှတ်ပုံတင်စနစ် Biometric ကောက်ယူ

ပေါင်းတည် ဇူလိုင် ၁၇

ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ အီလက်ထရောနစ် မှတ်ပုံတင်စနစ်ဌာနမှ Biometric ကောက်ယူရေးလုပ်ငန်းကို ဦးစွာဌာနတွင်း လဝကဝန်ထမ်းများနှင့်မိသားစုဝင်များအား  ဆောင်ရွက်ပေးပြီး နိုင်ငံ့ဝန်ထမ်းများအား ယနေ့မှစ၍ စတင်ဆောင်ရွက်ပေးလျက်ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးဌာနမှူးရုံးမှ သိရသည်။

အဆိုပါ ဆောင်ရွက်မှုသည် အီလက်ထရောနစ်ဖြင့် မှတ်ပုံတင်ခြင်းလုပ်ငန်းဖြစ်ပြီး e-ID စနစ်ဖြင့် နိုင်/ ဧည့်/ ပြုကိုယ်ရေးမှတ်တမ်းနှင့် အိမ်ထောင်စု လူဦးရေ ပုံစံ ၆၆/၆ များကို System အတွင်း ထည့်သွင်းထားမှုအား Biometricအချက်အလက်များကို ကောက်ယူပြီး Digital စနစ်ဖြင့်သိမ်းဆည်းခြင်းဖြစ်ကြောင်း သိရသည်။

ယင်းဆောင်ရွက်မှုများကို လုပ်ငန်းစီမံချက်ဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ပထမဦးစွာ နိုင်ငံ့ဝန်ထမ်းများနှင့်မှီခိုသူ မိသားစုဝင်များအား စာရင်းကောက်ယူမည်ဖြစ်ပြီး ကြိုတင်ပုံစံဖြည့်စွက်ပေးရမည်ဖြစ်ကြောင်း၊ထိုစာရင်း၌အသက် (၁၀)နှစ် အထက် နိုင်ငံသားစိစစ်ရေးကတ်ပြားရှိသူများ ပါရှိပါက ထည့်သွင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ဒုတိယ ဦးစားပေးအနေဖြင့် တပ်ရင်း၊တပ်ဖွဲ့များကိုလည်းကောင်း၊တတိယ ဦးစားပေးအနေဖြင့် အကျဉ်းသား၊ အကျဉ်းသူများ၊ အသက်(၁၀)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများနှင့် ရပ်ရွာအတွင်းရှိ ပြည်သူများအားလည်းကောင်း ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သူရကြီး(ပြန်/ ဆက် )