ပြည်တက္ကသိုလ်၌ (၇၆)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

ပြည် ဇူလိုင် ၁၇

ပဲခူးတိုင်းဒေသကြီး ပြည်တက္ကသိုလ် သီရေတာခန်းမ၌ ယနေ့နံနက်ပိုင်းက (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပရာ ပြည်တက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များနှင့်(သင်ကြား/စီမံ)ဌာနမှူးများ၊ ပါမောက္ခများ၊ မော်ကွန်းထိန်း ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများတက်ရောက်သည်။

ရှေးဦးစွာ ပြည်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာသက်လွင်က အခမ်းအနားကျင်းပခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားပြီး ပြည်တက္ကသိုလ် သမိုင်းဌာနပါမောက္ခ(ဌာနမှူး) ဆရာမကြီးဒေါက်တာ တတိုင်းမွှေးက "အာဇာနည်နေ့ တို့မမေ့" ခေါင်းစဉ်ဖြင့် အာဇာနည်နေ့ဖြစ်ပေါ်လာပုံ၊ အာဇာနည်ခေါင်းဆောင်ကြီးများ၏ ကိုယ်ရေးအတ္ထုပ္ပတ္တိအကျဉ်းနှင့် နိုင်ငံတော်အတွက် အသက်ကိုပဓာနမထားဘဲ လွတ်လပ်ရေးကြိုးပမ်းဆောင်ရွက်ခဲ့မှု သမိုင်းဖြစ်စဉ်များအကြောင်းကို ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေး ဟောပြောဆွေးနွေးသည်။

ထို့နောက် ပြည်တက္ကသိုလ်၌ ကျင်းပခဲ့သည့် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အကြို စာစီစာကုံး၊ ကဗျာနှင့် ဆောင်းပါးပြိုင်ပွဲတို့တွင် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုများရရှိခဲ့သော ကျောင်းသား၊ကျောင်းသူများကို ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ်များက ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ကြောင်း သိရသည်။

ကိုဆက်(ပြန်/ ဆက်)