လိပ်သို ဇူလိုင် ၁၇
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသတွင် နေထိုင်ကြသော ဒေသခံပြည်သူများသည် ဥယျာဉ်ခြံလုပ်ငန်းများ အဓိက လုပ်ကိုင်လျက်ရှိရာ တောင်ပေါ်ကွမ်းကြမ်းစိုက် တောင်သူများမှာ ကွမ်းကြမ်းပင်များကို ကသစ်ပင်များ၏ ပင်စည်အရင်းနားတွင် စိုက်ပျိုးကြပြီး ကသစ်ပင်များပေါ်တွင် တွယ်ကပ်ရှင်သန်စေခြင်းဖြင့် ကွမ်းပင်များကြီးထွားမှုကောင်းမွန်ခြင်း၊ ကွမ်းရွက်အထွက် လှပကောင်းမွန်ခြင်းတို့အပြင် ကွမ်းကြမ်းပင်များ သက်တမ်းရင့်သွား၍ သေဆုံးခြောက်သွေ့သွားပါက ကသစ်ပင်များ ခုတ်လှဲရောင်းချခြင်းဖြင့် အပိုဝင်ငွေများ ရရှိလျက် ရှိကြောင်း သိရသည်။
ဒေသတွင်း နေထိုင်သူအများစုမှာ သဘာဝအလျောက် ရှင်သန်ပေါက်ရောက်လျက်ရှိသော ကသစ်ပင်များကို မိသားစုစားဝတ်နေရေးအတွက် ခုတ်လှဲ၍ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ရှိ ဆေးလိပ်ဖင်စီခံ ပြုလုပ်သူများထံ ပို့ဆောင်ရောင်းချလျက်ရှိနေသော်လည်း ဒေသခံပြည်သူ အများစုမှာ အစားထိုးပြန်လည်စိုက်ပျိုးမှုမရှိသောကြောင့် ကသစ်ပင်များ ရှားပါးလာလျက်ရှိသည်။
ယခုအခါ ဒေသနေစိုက်ပျိုးရေးနှင့် စီးပွားရေးအသိအမြင် ကြွယ်သူများက စိုက်ပျိုးမှုမရှိ၍ ရှားပါးလာသော ကသစ်ပင်များကို မိမိတို့၏ ဉယျာဉ်ခြံများတွင် စိုက်ပျိုးရန်နှင့် လိုအပ်သူများအား ရောင်းချပေးနိုင်ရန် ယခုနှစ်တွင် စတင်ပျိုးထောင် စိုက်ပျိုးရောင်းချလျက်ရှိနေကြောင်း သိရသည်။
ခင်လေးနွယ် (လိပ်သို)