လိပ်သို ဇူလိုင် ၁၇
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့အတွင်းရှိ ကျောင်းသား/ ကျောင်းသူများ အာဇာနည်နေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေနိုင်ရေးအတွက် ရည်ရွယ်လျက် မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ (၇၆) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံက် (၉:၃၀) နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း သဇင်ဆောင်ခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ဂျိုဝါးနာက အမှာစကားပြောကြားပြီး အထက်တန်းပြဆရာမ ဒေါ်ဝေဝေလွင်က အာဇာနည်ခေါင်းဆောင်ကြီး များ၏ ကိုယ်ရေးအတ္ထုပတ္တိများ၊ အာဇာနည်ကြီးများ၏ ဂုဏ်သိက္ခာသည် မြင့်မြတ်ပြီး ဂုဏ်ကျေးဇူးကားကြီးမား လွန်းလှပါကြောင်း၊ အာဇာနည်နေ့သည် မြန်မာ တစ်မျိုးသားလုံးအတွက် မမေ့အပ်သည့်အမျိုး သားရေးတာဝန်အဖြစ် အမြဲအောက်မေ့သတိရပြီး ကျောင်းသားလူငယ်များက အာဇာနည်ခေါင်းဆောင်ကြီး များ၏ စိတ်ဓာတ်များကို အတုယူကာ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး၊ ပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးရခြင်း ဖြစ်ကြောင်း အသိပညာပေး ပြောကြား ခဲ့သည်။ ဆက်လက်၍ မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ မြို့ဉီးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က အာဇာနည်နေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း၊ အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့သည်မှာ နှစ်ပေါင်း (၇၀) ကျော်ရှိခဲ့ပြီဖြစ်သော်လည်း ယနေ့ထက်တိုင်အောင် မေ့မရနိုင်သော နေ့တစ်နေ့ဖြစ်ကြောင်း၊ ယနေ့ကျောင်းသား/ကျောင်းသူများအနေဖြင့် “ပညာရဲရင့်ပွဲလယ်တင့်” ဟု ဆိုသည့်အတိုင်း အနာဂတ်တွင် ထွန်းတောက်လာမည့် ကြယ်စင်ကလေးများဖြစ်ရန် စာဖတ်ခြင်းအားဖြင့် ကြိုးစားနေရမည် ဖြစ်ကြောင်း၊ တစ်နည်းအားဖြင့် စာဖတ်သူသည် ပန်းရန်သမားနှင့်တူပြီး စာမဖတ်သူသည် မြေတူးသမားနှင့် တူပါ ကြောင်း၊ စာဖတ်ခြင်းသည် ရေဖြစ်၍ ဘ၀သည်ကြာဖြစ်ကြောင်း၊ ရေပြည့်မှ ရေမြင့်မှသာလျှင် ကြာတင့်မည်ဖြစ်ကြောင်း၊ ကျောင်းသား/ကျောင်းသူများအနေဖြင့် စာဖတ်ခြင်း သည် တိုးတက်မှု၊ စာဖတ်ခြင်းသည် အောင်မြင်မှုလို့ မှတ်ယူထားရမည်ဖြစ်ကြောင်းတို့ကို အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော (၇၆) နှစ် မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေး နံရံကပ်စာစောင်များ ပြသဆောင်ရွက်ထားရှိမှုကို ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှု မှတ်သားခဲ့ကြကြောင်း သိရသည်။
ခင်လေးနွယ်