ပွင့်ဖြူ ဇူလိုင် ၁၇
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရန်နှင့် ဓာတ်အားပြည့်ဝစွာ သုံးစွဲနိုင်ရေးအတွက် ယမန်နေ့က မြို့နယ်လျှပ်စစ်ဝန်ထမ်းများ ပူးပေါင်းအဖွဲ့က မြို့နယ်အတွင်း ဓာတ်အားဖြန့်ဖြူး ပေးထားသည့် ၁၁ ကေဗွီ ဓာတ်အားလိုင်းတစ်လျှောက် ကွင်းဆင်း စစ်ဆေးပြီး ဓာတ်အားလိုင်း ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ လျှပ်စစ်ဓာတ်အားလိုင်း ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ် လျှပ်စစ်အင်ဂျင်နီယာ ဦးမျိုးမင်းနိုင် ၏ ကြီးကြပ်ဖြင့် လျှပ်စစ်ဝန်ထမ်းများ ပူးပေါင်းအဖွဲ့က ပွင့်ဖြူမြို့၊ ၃၃ ကေဗွီ ၂၀ အမ်ဗွီအေ ဓာတ်အားခွဲရုံမှ မြို့နယ်အတွင်း ဓာတ်အားဖြန့်ဖြူးပေးထားသည့် ၁၁ ကေဗွီ ဓာတ်အားလိုင်းတစ်လျှောက် ကွင်းဆင်းစစ်ဆေးပြီး မိုးတွင်းကာလ ပြည်သူများ လျှပ်စစ်ဗို့အား ပြည့်ဝစွာ သုံးစွဲနိုင်ရန်နှင့် လျှပ်စစ်အန္တရာယ် ကင်းဝေးစေရန်အတွက် ယခင် တပ်ဆင်ထားရှိသော ဓာတ်အားလိုင်း ကြိုးအစား ဓာတ်အားလိုင်းကြိုးအသစ်များဖြင့် အစားထိုးတပ်ဆင်ပြုပြင်ထိန်းသိမ်းခြင်း၊ ကြံ့ခိုင်မှုအားနည်းသော လျှပ်စစ်ကြွေသီးများ အသစ်လဲလှယ်တပ်ဆင်ခြင်း၊ ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသည့် သစ်ပင် သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းများကို စနစ်တကျ ပြုပြင်ထိန်းသိမ်းဆောင်ရွက်ခဲ့ ကြသည်။
ပွင့်ဖြူမြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးရုံးအနေဖြင့် မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ လျှပ်စစ် အန္တရာယ် ကင်းဝေးစေရေး၊ လျှပ်စစ်မီးအသုံးပြုရာ၌ ဗို့အားပြည့်မီစွာ သုံးစွဲနိုင်ရေး၊ ဓာတ်အားပြတ် တောက်မှုနှင့် ဓာတ်အားလျော့နည်း ပျောက်ဆုံးမှုများ မဖြစ်ပေါ်စေရေးအတွက် မြို့နယ်အတွင်း ဓာတ် အားဖြန့်ဖြူးပေးထားသော လျှပ်စစ်ဓာတ်အားလိုင်းများ ကြံ့ခိုင်ကောင်းမွန်စေရန် စဉ်ဆက်မပြတ် ကွင်းဆင်းစစ်ဆေးပြီး ဓာတ်အားလိုင်းပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ ဒေသခံပြည်သူများ လျှပ်စစ် အန္တရာယ်ကင်းဝေးစေရေး အသိပညာပေး ဆွေးနွေးဟောပြောခြင်းများကို ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးရုံးမှ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးမျိုးမင်းနိုင် ထံမှ သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )