ဂန့်ဂေါ ဇူလိုင် ၁၇
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့၊ စည်ပင်သာယာရပ်ကွက်ရှိ အခြေခံပညာအလယ် တန်းကျောင်းခွဲ(စည်ပင်)ကျောင်းတွင် မိုးရာသီကာလတွင်အဖြစ်များသည့် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားခြင်းမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ခြင်ဆေးမှုတ်ခြင်းများကို ယမန်နေ့ နံနက်(၈)နာရီ အချိန်က ဆောင်ရွက်ခဲ့သည်။
အဆိုပါ ခြင်ဆေးမှုတ်ခြင်းလုပ်ငန်းများကို အ.လ.က(ခွဲ)(စည်ပင်)ကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးဟန်စိုးစိုး ဦးဆောင်သည့် ဆရာများနှင့် ကျောင်းအကျိုးတော်ဆောင်အဖွဲ့များ ပူးပေါင်း၍ ကျောင်းတွင် တက်ရောက်ပညာသင်ကြားနေသည့် ကျောင်းသား/ကျောင်းသူ(၅၀၀)ကျော်နှင့် ဆရာ/ ဆရာမများ ခြင်အန္တရာယ်ကင်းရှင်းစေရေးအတွက် ခြင်ဆေးမှုတ်ခြင်း၊ မိုးရေများ တင်ကျန်နိုင်သော တာယာဟောင်းများ၊ ရေအိုးရေခွက်များ၊ ရေတိုင်ကီများ၊ သောက်ရေအိုးများ၊ ဘုရားပန်းအိုးနှင့် သောက်သုံးရေကန်များကို ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။
ထို့ပြင် ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးနှင့် ခြင်၊ယင်ပေါက်ဖွားမှုမရှိစေရေးအတွက် အမှိုက်သရိုက်များနှင့် ပေါင်းပင်/မြက်ပင်များ သန့်ရှင်းရေးလုပ်ငန်းများကို ကျောင်းအုပ်ဆရာကြီး ဦးဆောင်၍ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများမှ အပတ်စဉ်သောကြာနေ့တိုင်း သန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မောင်မျိုးမင်း(ပြန်/ဆက်)