ရှမ်းရွာသစ်မြို့တွင် ဒေသထွက်ကွမ်းသီးခြောက်များရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ

ရှမ်းရွာသစ် ဇူလိုင် ၁၇

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့သည် မြို့ပေါ်(၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၉)အုပ်စုရှိရာ တောင်ယာလုပ်ငန်းနှင့် လယ်ယာလုပ်ငန်းကို အဓိကထား လုပ်ကိုင်သည့်မြို့ဖြစ်သည်။ ဒေသနေပြည်သူအများစုမှာ တစ်ပိုင်တစ်နိုင်ဉယျာဉ်ခြံမြေလုပ်ငန်းကို နှစ်စဉ်လုပ်ကိုင်လျက်ရှိရာ ကွမ်းသီးပင်စိုက်ပျိုးသည့် လုပ်ငန်းသည် လည်း တစ်ခုအပါအဝင်ဖြစ်ပြီး ယခုအချိန်တွင် ဒေသထွက်ကွမ်းသီးအခြောက်များ ရောင်းချပြီး မိသားစုအပိုဝင်ငွေရရှိကြောင်း သိရသည်။

ကွမ်းသီးစိုက်ပျိုးသည့် ဒေသနေပြည်သူများအနေဖြင့် တစ်ပိုင်တစ်နိုင်စီးပွားရေးလုပ်ငန်းအတွက် ကွမ်းသီးပင်များကို စိုက်ပျိုးလျက်ရှိပြီး ကွမ်းသီးပင်များကို စိုက်ပျိုးသည့်အချိန်မှစကာ အပင်သက်တမ်း (၆)နှစ်ကျော် (၇)နှစ်တွင် စတင်အပွင့်များထွက်ပြီး အသီးများသီးကာ အသီးရင့်မှည့်သည့် အောက်တိုဘာလမှ ဒီဇင်ဘာလတွင် ခူးယူပြီး ရာသီမရွေးရောင်းချနိုင်ရန်အတွက် အခြောက်လှမ်းသိုလှောင်ထားကြောင်း၊ ယခုနှစ်တွင် ကွမ်းသီးအခြောက်ပြောင်ဈေးတစ်ပိဿာ (၁၀၀၀၀)ကျပ်၊ ပြောင်လတ်တစ်ပိဿာ (၁၂၀၀၀) ကျပ်၊ ရွေးကျဲကြီးတစ်ပိဿာ (၁၅၀၀၀)ကျပ်၊ ဓားခြစ်တစ်ပိဿာ (၇၀၀၀)ကျပ်နှင့် ထောင်းကွဲတစ်ပိဿာ (၆၀၀၀)ကျပ်ရရှိသဖြင့် ဒေသတွင်းစားသုံးနိုင်ရန်အတွက် ရောင်းချလျက်ရှိရာ ကွမ်းသီးပင်စိုက်ပျိုးသည့် ဒေသနေပြည်သူများအနေဖြင့် အပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ဇင်လေး(ပြန်/ဆက်)